မတတ်သာ ခပ်ခွာခွာ နေကြမည်

0
435

ကိုရိုနာဗိုင်းရပ်စ်ပို ကူးခြင်းမှ ကာကွယ်ရေး လူစုလူဝေးများ ရှောင်ရှား စေခြင်း၊ ဖြစ်နိုင်သမျှ လူအများနှင့် ထိတွေ့ဆက်ဆံ ပြောဆိုခြင်းမှ ရှောင်ရှား စေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါ။

ပုံမှန်အတိုင်း လူအများနှင့် ထိတွေ့ ဆက်ဆံ ပြောဆိုခြင်းကြောင့် ရောဂါပိုး ကူးစက်မှု ဆတိုးမြှင့်တက်လာကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံ အချို့တွင် ကြုံတွေ့ရခြင်းကြောင့် ဖြစ်သည်။

အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများတွင် ရောဂါပိုးကူးစက် ခံရမှုနှုန်း သုံးရက်မှ လေးရက်အတွင်း ရုတ်တရက် နှစ်ဆ မြင့်တက်လာသည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ထိုကဲ့သို့ ကြုံတွေ့နေရသည်။ ယင်းကို တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလက ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

မမျှော်လင့်ဘဲ ချက်ချင်းကြီး ရောဂါ ပိုး ရှိသူအရေအတွက် များလာခြင်းက အစိုးရ၊ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများကို မနိုင်မနင်းဖြစ်စေပြီး ပိုဆိုးသော အခြေအနေကို တွန်းပို့လျက် ရှိသည်။

ထိုကြောင့် အစိုးရများ အနေနှင့် လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ ပွဲလမ်း သဘင်များ မလုပ်ရန် တားမြစ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု နည်းနိုင်သမျှ နည်းရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ အစိုးရက ပိုစောစွာ ကိုင် တွယ်နိုင်လေလေ ရောဂါပိုးပျံ့နှံ့မှု လျော့ ပါးလေလေ ဖြစ်သည်။

ယင်းအတွက် ပညာရှင်အချို့က သင်္ချာနည်းဖြင့် တွက်ပြထားသည်။ ဥပမာ ဆိုပါက လတ်တလောတွင် ရောဂါပိုးရှိသူ ၅၁၂ ဦး ရှိနေသည်။ အကယ်၍ ယင်းအခြေအနေတွင် အစိုးရက လူစုလူဝေးကိစ္စ တားမြစ် လိုက်ပါက ၂၄ ရက်အတွင်း ရောဂါပိုး ကူးခံရသူ ၄၀၉၆ ဦး အထိသာ ရှိလာမည် ဖြစ်သည်။ သို့သော် လူစုလူဝေး ကိစ္စ မကိုင်တွယ် မဖြေရှင်းပါက ၂၄ ရက် အတွင်း ရောဂါပိုး အကူးခံရသူ သုံးသောင်း ကျော်အထိ ရှိလာမည်ဖြစ်သည်။

ပုံတွင် ဖော်ပြထားသည်မှာ အမေရိကန်ပြည်ထောင်စု ဆန်တီယာဂို တက္ကသိုလ်မှ ပညာရှင်တစ်ဦးက စမ်း သပ်ထားချက် ဖြစ်သည်။ ပုံပါအတိုင်း လူတစ်ဦးက လူစုလူဝေး မရှောင်ပါက ၅ ရက်အတွင်း လူနှစ်ဦး ကျော်အထိ ရောဂါပိုး ကူးစက်မည်ဖြစ်ပြီး ရက် သုံးဆယ်အတွင်း လူ ၄၀၀ ကျော်အထိ ကူးစက်ခံရမည်ဖြစ်သည်။ အကယ်၍သာ လူစုလူဝေးသို့ မသွားခြင်း၊ လူအများနှင့် ထိတွေ့ ဆက်ဆံပြောဆိုခြင်းကို ထက် ဝက် (၅၀ ရာခိုင်နှုန်း) အထိ လျော့ချ နိုင်ပါက ၅ ရက်အတွင်း လူတစ်ဦး ကျော်အထိသာ ကူးနိုင်ပြီး ရက်သုံးဆယ် အတွင်း ပိုးကူးခံရသူ ၁၅ ဦးသာ ရှိမည် ဖြစ်သည်။ ထပ်မံ၍ လူစုလူဝေးသို့ သွားခြင်း၊ လူအများနှင့် ထိတွေ့ ဆက်ဆံပြောဆိုခြင်းကို ၇၅ ရာခိုင်နှုန်း အထိ လျော့ချနိုင်ပါက ၅ ရက်အတွင်း ပိုးကူးနိုင်ခြေ တစ်ဦးပင် မပြည့်တော့ ပေ။ ရက် သုံးဆယ်အတွင်း ဆိုပါက လူ ၂ ဦးကျော်ကိုသာ ကူးစက်နိုင်ခြေ ရှိတော့သည်။

ထိုကြောင့် Social Distane ဟု ခေါ်သော လူစုလူဝေးမှ ရှောင်ကြဉ် ခြင်း၊ လူအများနှင့် ထိတွေ့ ဆက်ဆံ ခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ရောဂါပိုး ကူးစက်နိုင်ကို လျော့ချနိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ ပညာရှင်များက လေး လေးနက်နက် သတိပေးလျက်ရှိသည်။

လူစုလူဝေးမှ ရှောင်ကြဉ်ရန်၊ လူ အများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင် ကြဉ်ရန် အကြံပေးချက် အမျိုးမျိုးရှိ သည်။ ယင်းတို့တွင် ဖြစ်နိုင်ပါက ရုံး မသွားတော့ဘဲ နေအိမ်မှ တစ်ဆင့် အလုပ်လုပ်ခြင်း၊ အမှန်တကယ်လိုအပ်မှသာ အပြင်ထွက်ခြင်း၊ ခရီးသွားခြင်း၊ အထူးသဖြင့် အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးကို အသုံးပြု၍ ခရီးသွား ခြင်းကို ရှောင်ကြဉ်ခြင်း၊ ရုပ်ရှင်ရုံ၊ ပျော်ပွဲစားရုံ များသွားခြင်းမှ ရှောင် ကြဉ်ခြင်း၊ မိမိနေအိမ်သို့ ဧည့်သည် မလာအောင် ကန့်သတ်ထားခြင်း၊ လူစု လူဝေးရှိသော နေရာများသို့ မသွား ခြင်းတို့ လိုက်နာရန် တိုက်တွန်းလျက် ရှိသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အဆုပ်၊ နှလုံးရောဂါအခံ ရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ ကိုယ်ဝန်သည်များ၊ ကျောက်ကပ်မကောင်းသူများ အထူး သတိထားရန် ဖြစ်သည်။

အကယ်၍ မဖြစ်မနေ အပြင် ထွက်ရမည်ဆိုပါက တစ်ဦးနှင့် တစ်ဦး ခပ်ဝေးဝေး နေကြရန် အကြံပေးကြသည်။ ခပ်ဝေးဝေး ဆိုသည်မှာ ခြောက်ပေ အကွာ အခန့်အထိ ဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ကိုရိုနာ ရောဂါပိုး ရှိသူ မတွေ့သေးဟု အစိုးရက ထုတ်ပြန်ထားသည်။ သို့သော် ရောဂါပိုး ကူးစက်နိုင်ခြေရှိပြီး ပိုးတွေ့သူ ရုတ် ချည်းမြင့်မားလာနိုင်သဖြင့် နိုင်ငံတစ် ဝန်း တပ်လှန့်ထားပြီး ဖြစ်သည်။

ထိုကြောင့် ဖြစ်နိုင်သမျှ လူစု လူဝေး ရှောင်ရင်း ရောဂါပိုး ကူးစက် နိုင်ခြေကို ကာကွယ်ကြပါ။ လူမစုကြ ပါနှင့်။ မဖြစ်မနေ အပြင်ထွက်ရပါက ခပ်ခွာခွာ နေကြပါရန် တိုက်တွန်းထား သည်။ ယခုတော့ မတတ်သာ ခပ်ခွာခွာ နေကြပြီး ကပ်ကြီးကျော်မှ နီးနီး ကပ်ကပ် ချစ်ချစ်ခင်ခင် ပြန်နေနိုင်ပါကြောင်း။

Ref:

https://www.indy100.com/article/co ronavirus-social-distancing-why-deaths-cases-9409871

https://www.weforum.org/agenda/2020/03/social-distancing-measures-coronavirus-covid19

https://www.aljazeera.com/indepth/featu res/doctor-note-social-distancing-coronavirus-200319081547691.html

Dawei Watch