ထီးခီး၊ မောတောင် နယ်စပ်ဂိတ်များပိတ်လိုက်ခြင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်နိုင်မှု

0
593

လတ်တလော ကူးစက်မှုနှင့် သေဆုံး မှုမြင့်တက်လာသည့် ကိုရိုနာဗိုင်းရပ်စ်အရေး ကြောင့် ထိုင်းနိုင်ငံက ထီးခီး၊ မောတောင် နယ်စပ်ဝင်ပေါက်များကို မတ်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့မှ စ၍ ယာယီပိတ်လိုက်သည်။

ယင်းဂိတ်နှစ်ခု စလုံးကို ဧပြီလ ၃ ရက်နေ့အထိ ယာယီပိတ်လိုက်ခြင်း ဖြစ်သည်။

ဒေသအတွင်းရှိ မီးဖိုချောင်သုံးပစ္စည်း အများစုနှင့် လုပ်ငန်းသုံးပစ္စည်းများက ထိုင်းနိုင်ငံမှ ပစ္စည်းတင်သွင်းမှုအပေါ်တွင် အဓိကတည်မှီနေရပြီး ဒေသထွက် ရေ ထွက်ပစ္စည်းတင်ပို့မှုများလည်း ရှိနေသည်။

ယင်းကြောင့် ရေထွက်ပစ္စည်းတင်ပို့မှု၊ မီးဖိုချောင်သုံးပစ္စည်းနှင့် အခြားပစ္စည်းများ တင်သွင်းမှုများ ယာယီရပ်ဆိုင်းကာ ဒေသ တွင်း စီးပွားရေး ထိခိုက်နိုင်မှုများ ကြုံတွေ့ လာရနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ယင်းကဲ့သို့ ပိတ်လိုက်သည့်အတွက် ဒေသထွက် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ထိခိုက်နိုင်ကြောင်း တနင်္သာရီတိုင်း ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆို သည်။

ထို့အပြင် ဒေသအတွင်း၌ ထိုင်းနိုင်ငံ မှ တင်သွင်းသည့် ဟင်းသီးဟင်းရွက်ကို အဓိကထားစားသုံးနေသည့်အတွက် မလုံလောက်သည့် အခက်အခဲများဖြစ်လာ နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“တစ်ခုကတော့ ဘာတွေကောင်းလာ မလဲဆို နယ်စပ်ယာယီပိတ်ထားလို့ ရောဂါ ကူးစက်မှုတွေကတော့ အကျိုးသက်ရောက် နိုင်မှာပေါ့။ ဒါကို အဓိကရည်ရွယ်ပြီး လုပ် ဆောင်တဲ့အတွက် အခုမျိုးပိတ်ထားတဲ့ ကာလမှာ အခိုက်အတန့်ကတော့ အခက် အခဲတော့ ရှိမှာပေါ့” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ယင်းသို့သော အခြေအနေမျိုးတွင် အစိုးရအနေဖြင့် ဒေသအတွင်းရှိ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံကာ ၎င်းတို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်ကြောင်း ၎င်းက ဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ မောတောင်နယ် စပ်ဂိတ်တွင်လည်း ဝင်ထွက်သွားလာမှု များကို မတ်လ ၂၁ ရက်နေ့မှစတင်ကာယာယီဆိုင်းငံ့လိုက်ပြီဖြစ်သည်။

မြန်မာဘက်ရှိ မောတောင်နယ်စပ် ဂိတ်အား မတ်လ ၂၀ ရက်နေ့က သက် ဆိုင်ရာဌာတို့မှ တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့ပြီးနောက် ထိုင်းနိုင်ငံမှတာ ဝန်ရှိသူများတွေ့ဆုံဆွေးနွေးကာ မတ်လ ၂၁ ရက်နေ့မှစပြီး ယာယီဆိုင်းငံ့လိုက်ခြင်း ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်မှ လူ၊ ယာဉ်များနှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှုကို ဧပြီလ ၃ ရက်နေ့အထိ ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

မြိတ်ရေထွက်ကုန်ပစ္စည်းများကို မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချနေပြီး မောတောင် ဒေသခံအချို့ကလည်းထိုင်းနိုင်ငံ စင်ခွန်း ဈေးတွင် ဒေသထွက်ကုန်များ နေ့ချင်းပြန် သွားရောင်းချသူများလည်းရှိသည်။

အဆိုပါနေ့ချင်းပြန် ဈေးသည်များ သွားလာခြင်းနှင့်ရေထွက်ပစ္စည်းတင်ပို့မှုတို့အား ပြုလုပ်၍ရမည်မဟုတ်တော့ကြောင်း မောတောင်မြို့မရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးအောင်ကပြောသည်။

ထိုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်အရေး ကြိုတင်ကာကွယ်ရန် နယ်စပ်ဂိတ်များကို ပိတ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ ပိတ်လိုက် ခြင်းကြောင့် ဒေသတွင်း မဖူလုံမှုများမဖြစ် စေရန်နှင့် ပြည်သူများက အကြောက် တရားဖြင့် ဈေးဝယ်ယူစုဆောင်းမှုများ မလုပ်ကြစေရန် အစိုးရအနေဖြင့် အာမခံ ချက်ပေးရန် လိုအပ်ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျူမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက ထောက်ပြသည်။

ယင်းသို့သောအခြေအနေမျိုးတွင် လူထုအနေဖြင့် သည်းခံရန်လိုအပ်သကဲ့သို့ သက်ဆိုင်ရာအာဏာပိုင်များကလည်း ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်သည်ဟု ၎င်းက ဆိုသည်။

“တစ်ဖက်ကလည်း ကျွန်တော်မြင် တာ လူထုကလည်း သည်းခံဖို့သင့်တယ်။ အာဏာပိုင်တွေဘက်ကလည်း ဒီထက်ပို ဘယ်လို လုပ်ပေးမလဲပေါ့နော်။ ဒါတွေ ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်”ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

အခြားနိုင်ငံများတွင် အစားအစာ အလုံအလောက်ရှိကြောင်းနှင့် ပြည်သူများ မစိုးရိမ်ရန် အာမခံချက်ပေးထားပြီး ကုန်သည်များ ဈေးတင် ရောင်းချပါက အရေး ယူနေကြောင်း ၎င်းကပြောသည်။

ကော့သောင်းနယ်စပ်တွင်မူ ခရီးသည် အဝင်အထွက်ကို မတ်လ ၂၃ ရက်နေ့တွင် ထိုင်းဘက်မှ ပိတ်မည်ဖြစ်ပြီး ရေထွက် ပစ္စည်းတင်ပို့မှုကိုမူ ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုထားမည်ဟု သိရကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးသိန်းနိုင်ဦးက ဆိုသည်။

Dawei Watch