ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်

0
312

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပို့တွေ့လူနာ နှစ်ဦးရှိကြောင်း အစိုးရက စတင်ကြေညာလိုက်သည်နှင့် တပြိုင်နက် ထားဝယ်မြို့တွင် ဆန်းဝယ်ယူစုဆောင်းသူ ရုတ်တရက်များလာနေကြောင်း ထားဝယ်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ဆန်ဆိုင်အချို့တွင်မူ နောက်ထပ်နှစ်ရက်ကြာပါက ပစ္စည်းပြတ်တော့မည့် အနေအထားအထိ ရောင်းချနေကြရသည်။

ရန်ကုန်မြို့ကို ဆန်မှာထားသော်လည်း ကုန်ကားများ ထားဝယ်သို့အဆင်းနည်းလားခြင်း၊ ရန်ကုန်ဈေးကွက်တွင်ပင် ဆန်ဝယ်လိုအားများနေခြင်းတို့ကြောင့် ထားဝယ်ဘက်သို့ ဆန်အရောက်နောက်ကျမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့ ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကမူ ဆန်အတွက် စိတ်မပူရန်နှင့် လိုအပ်လာပါက တိုင်းအစိုးရက သဘာဝဘေးအတွက် ကြိုတင်ဝယ်ယူထားသောဆန်အိတ် လေးထောင်ကျော် (၄၁၈၈) ကို အများပြည်သူထံ ဖြန့်ဝေ ရောင်းချပေးမည် ဖြစ်ကြောင်း မတ်လ ၂၄ ရက်က ပြောသည်။

ယင်းအပြင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူများလက်ဝယ်တွင်လည်း စပါးလက်ကျန် ရှိနေသေးသဖြင့် ဆန်အတွက် စိတ်ပူစရာမရှိကြောင်း ဒေါ်ရီရီချိုက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဆန်စပါးအလုံအလောက်ရှိကြောင်းနှင့် ဆန်ကုန်သည်များတွင်ရှိသည့်ဆန်များ ကုန်စင်အောင် ရောင်းချခြင်းမလုပ်ရန် မတ်လ ၂၄ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။