ရေမြေခြားရောက် တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ မှတ်စုကြမ်းများ

0
2839

နယူးဇီလန်သို့ ခရီး

နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့မှ လျှပ်ချောစာ (အီးမေးလ်)ဖြင့် ပို့လိုက်သော ခရီးစဉ်အစီအစဉ်နှင့် လေယာဉ် လက်မှတ်များကိုကြည့်ကာ စိတ်နည်း နည်း ညစ်သွား၏။

နယူးဇီလန်သို့သွားရန် လေယာဉ်ပြောင်းစီးရမည့်နေရာက စင်္ကာပူ ဖြစ်နေသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ၏ သတင်းများက စင်္ကာပူတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံထားရမှု ကိန်းဂဏန်းမြင့် နေကြောင်း ပြနေသည်။ ဆိုတော့ စင်္ကာပူ သို့ မသွားချင်လှ။ ထိုင်း လေဆိပ်က တစ်ဆင့်သွားရပါမူ ကောင်းလေစွဟု တွေးမိသည်။ သို့သော်လည်း တစ်ဖက် က စီစဉ်ထားပြီးပြီမို့ သွားရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့။

နယူးဇီလန်၏ မြို့တော်၊ ဝယ်လင် တန်မြို့လေးတွင် (၆)လတာမျှနေထိုင် ကာ ဝယ်လင်တန် တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ယူ၊ မိမိစိတ်ဝင်စားသည့် အကြောင်း အရာအလိုက် သုတေသနပြု လေ့လာခွင့်ရမည့် မြန်မာ့လူငယ် ခေါင်းဆောင်များ အစီအစဉ်တွင် ပါဝင် ခွင့်ရသဖြင့် ပီတိဖြစ်ရသော်လည်း တစ် ဖက်တွင် နှစ်ဝက်ခန့် မိသားစုအသိုင်း အဝိုင်း မြန်မာ့အငွေ့အသက်များနှင့် ခွဲခွာရမည်ဖြစ်၍ စိတ်မကောင်းသလို ခံစားရသည်။

နိုင်ငံရပ်ခြားသွားသူများအတွက် ဒိဋ္ဌကြုံရသည် ဒုက္ခတစ်ခုက မိမိတို့ နေ့စဉ် စားနေကျ အစားအသောက်များနှင့် ကွေကွင်းရခြင်းဒုက္ခ ဖြစ်သည်။ ထို့ကြောင့် ထင်သည်။ ရပ်ဝေးမြေခြား သွားသူ အများစုက အစားအသောက်များကို တတ်နိုင်သမျှ ဆောင်ကြဉ်းသွားကြသည်။

ကျွန်တော့်အဖို့မှာတော့ မည် သည့် အစားအသောက်ကိုမျှ မယူသွား ရဲခဲ့။ နယူးဇီလန်၏ ဇီ၀လုံခြုံရေးအရ ထုတ်ပြန်ထားသော စည်းကမ်းများအရ အသီး၊ အပင်၊ အသား၊ ငါးစားစရာများ နှင့် ပတ်သက်၍ မယူလာဖို့ နယူးဇီလန်၏ လူဝင်မှုကြီးကြပ်ရေးကရော ဝယ်လင်တန် တွင် ကျွန်တော့်ကို စောင့်ရှောက်ကြမည့် မိသားစုကပါ စာအတန်တန် ပို့ကာ သတိ ပေးထားသည်။

သည်တော့ ဝယ်လင်တန် ကို ယူသွားမည်ဟု ကြံထားသော ထားဝယ် ငါးပိထောင်းလေးနှစ်ဘူးကို ထားခဲ့ရ တော့သည်။ ဆိုးစွ။ အိမ်နှင့် ကိုယ့်ရပ်ရွာ ကို လွမ်းလျှင် အမေ့လက်ရာ စားစရာ လေးများနှင့် ဖြေဖျောက်နှစ်သိမ့်မည်ဟု အားခဲထားလေသမျှ သဲရေကျဖြစ်ရပါပေသည်။

နယူးဇီလန်သို့မသွားမီ တစ်ရက် အလိုတွင် ကျွန်တော်တို့သွားမည့် ခရီးနှင့် (၆) လတာ အစီအစဉ်များအကြောင်း သိမှတ်ဖွယ်ရာများကို ရှင်းလင်းမျှဝေသော အစီအစဉ်တစ်ရပ်ကို ရန်ကုန်တွင် တက်ရ သည်။ ဒီအစီအစဉ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန် သံအမတ် လာရောက် စကားပြော၏။ “အခုအစီအစဉ်လိုမျိုးနဲ့ မြန်မာက လူငယ်တွေကို တို့နိုင်ငံကဘာလို့ ကူညီနေတယ်ထင်လဲ”ဟု မေးခွန်းနှင့် စသည်။ “တို့နိုင်ငံသားတွေ စိတ်မနောဖြူ လို့ပေါ့ကွာ”ဟုရယ်ရင်း သူ့မေးခွန်းကို ပြန်ဖြေသည်။ သူဆက်ပြောသည့် အကြောင်း အရာများက စိတ်ဝင်စားဖွယ်ပင်။ ရန်ကုန်မြို့၏ လူဦးရေမျှပင် မရှိသော နယူးဇီလန် (စုစုပေါင်းလူဦးရေ ၄.၇ သန်းခန့်သာရှိ) လို ကျွန်းနိုင်ငံလေးတွင် နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံ ဟူ၍မရှိ။ နီးနီးနားနား ဩစတေးလျနိုင်ငံ ရှိသော်လည်း ထိုနိုင်ငံနှင့် ဖက်လှဲတကင်း ရှိလှသည် မဟုတ်။ သူတို့နိုင်ငံ၏ စီးပွား ရေးအတွက် ကုန်သွယ်မှုကို အားထား သဖြင့် ယနေ့အချိန်တွင် တိုးတက် ပြောင်းလဲလာနေသော အရှေ့အာရှ ဈေးကွက်၊ အထူးသဖြင့် အာဆီယံနိုင်ငံ များကို ပို၍တိုးချဲ့ကုန်သွယ်လိုကြောင်း၊ ထို့ကြောင့်ပင် နိုင်ငံရေး သဘော ပါသော ဤသို့သော အစီအစဉ်များဖြင့် အကူ အညီပေးကြောင်း ပွင့်ပွင့်လင်းလင်း ပြော ၏။ သံအမတ်ကြီးကား မြန်မာပြည်တွင် တာဝန်ကျနေသည်မှာ ၁၂ နှစ်ရှိပြီ ဖြစ် ပြီး မြန်မာ့ငြိမ်းချမ်းရေးတွင် တည်ဆောက် မှုတွင် ပါဝင်နေသူဖြစ်၍ အချို့သော မြန်မာ့ရေးရာကိစ္စများကို ထဲထဲဝင်ဝင် သိနေသည်။ နေရပ်ကို ပြန်ချင်ပြီ ဖြစ် သော်လည်း အစိုးရက သူ့ကိုမပြန်စေ သေးကြောင်း သံအမတ်ကြီးက ညည်း ပြ၏။ ကျွန်တော်ကား ဘယ်အချိန်တွင် အိမ်လွမ်းနာရကာ ထိုသို့ ညည်းတွားမိ မည်မသိ။

ယခုနှစ်တွင် မြန်မာမှ ကျောင်းသား^သူ စုစုပေါင်း ၁၂ ဦးခေါ်၏။ ကျွန်တော်တို့ ကား ယခင်က တစ်ဦးနှင့်တစ်ဦး သိကျွမ်း ခဲ့ဖူးခြင်း အလျဉ်းမရှိ။ လူမျိုး ဘာသာ ယုံကြည်ရာ လာရာလားရာ မတူကြသည့် ကျွန်တော်တို့သည် မြန်မာ့လူငယ် ခေါင်းဆောင်များဟူသော ခေါင်းစဉ် အောက်တွင် အချင်းချင်း ရင်းနှီးခွင့်ရကာ များမကြာမီပင် တစ်လေယာဉ်တည်းစီး၊ တစ်ခရီးတည်းသွား မိတ်ဆွေများဖြစ် သွားကြသတည်း။ ရန်ကုန်မှ စင်္ကာပူသို့ လေယာဉ် (၃)နာရီကြာ စီးရသည်။ လေဆိပ်တွင် သက်ဆိုင်ရာက အပူချိန် တိုင်းတာ စစ်ဆေးမှုကိုလည်း ခံယူရ သည်။ ကျွန်တော်၏ အပူချိန်မှာ ပုံမှန် ဖြစ်သဖြင့် စိတ်အေးသွားရသည်။ မဟုတ် လျှင် စင်္ကာပူတွင် နှစ်ပတ်တာမျှ သီးသန့် စောင့်ကြည့်ခံနေရမည့် အဖြစ်မျိုးကို လည်း မလိုချေ။ စင်္ကာပူမှ နယူးဇီလန် အော့ကလန်လေဆိပ်သို့ ရောက်ရန် အချိန် (၁၀) နာရီခန့်ကြာလေရာ လေယာဉ် ပေါ်တွင် တစ်ညတာ ကုန်ရသည်။ ညောင်းညာ လှပေစွ။ ကျွေးမွေးသော အစားအသောက် များသည်လည်း ခံတွင်းမတွေ့လှ။ လေယာဉ်သည် အချိန်ဇုန် များကို ဖြတ် ပျံသဖြင့် ခဏလေးနှင့် မိုးလင်းသွား သလို ခံစားရသည်။ ပင်လယ်ကမ်း နဖူးဘေးတွင် တည်ဆောက်ထားသော လေယာဉ်ကွင်းတွင် လေယာဉ်သည် ညင်သာစွာ ဆင်းပါ၏။ နယူးဇီလန် ပြည်သို့ ရောက်ပေပြီ။

အော့ကလန်လေဆိပ်သို့ ဝင်လိုက် သည်နှင့် ထင်ရှားသည့် စာတန်းများကို မြင်ရပေသည်။

အခြားမဟုတ်။ ဇီ၀ လုံခြုံရေး သတိပေးစာတန်းများ ဖြစ်သည်။ “ကြေညာမလား” “လွှင့်ပစ်မလား”ဟူသော စာတန်းများကို နေရာအနှံ့ တွေ့ရသလို ထိုစာတန်းများ အနီးတွင် လည်း အမှိုက်ပုံးများစွာ ထားပေးထား သည်။ မိမိယူလာသော စားစရာများ၊ အပင်များရှိလျှင် လွှင့်ပစ်နိုင်ရန် ဖြစ် သည်။ အစားအသောက်၊ အသီး အပင် များကို မကြေညာဘဲ ယူလာပါက ဒဏ်ငွေ ဒေါ်လာ ၄၀၀ တပ်မည့်အပြင် အခြားသော တရားတဘောင်များ ရင်ဆိုင်ရမည်ကြောင်း စသဖြင့်ရေးထား လေသည်။ ကျွန်တော့်မှာကား တည်းခို မည့် အိမ်ရှင်အတွက် လက်ဖက်ထုပ် ကလေးတစ်ထုပ် ယူလာသဖြင့် လေယာဉ် ပေါ်တွင်ဝေငှထားသော ဇီ၀လုံခြုံရေး ပုံစံစာရွက်လေးတွင် အစားအစာပါကြောင်း ဖော်ပြထားနှင့်ပြီဖြစ်သည်။ အခြားသော ခရီးသည်များအားလုံးလည်း ထိုပုံစံ စာရွက်ကလေးကို မဖြစ်မနေဖြည့်ရ လေသည်။

ဇီ၀လုံခြုံရေးက မိမိတို့ အိတ်များကို စစ်ဆေးသည့်အခါ ထိုပုံစံ စာရွက်ကလေးကို ကြည့်ကာ မေးမြန်း စစ်ဆေး၏။ ဥပမာ၊ စားစရာပါသည်ဟု ကျွန်တော်က ဖော်ပြထားလျှင် မည်သည့် အစားအစာမျိုးဖြစ်ကြောင်း မေးမြန်းစစ် ဆေးသည်။ အကယ်၍ သူတို့က မသင်္ကာ လျှင် ထိုစားစရာများ၊ ပစ္စည်းများကို သယ်ခွင့်မပေးဘဲ သိမ်းလိုက်သည်။ ကံကောင်းလျှင်မူ ယူခွင့်ပေးသည်။ ဤသို့ ကံကောင်းမှုများကြောင့် ကျွန် တော့်မှာ အဆင်ပြေသွားသလို ကျောင်း သားအချို့တွင် ပါလာသော ငါးဗလ ချောင်ကြော်၊ ငါးပိကြော်များမှာ အချိန် ကြာကြာ တင်းကြပ်သော စစ်ဆေးမှု အပြီးတွင် ယူခွင့်ရသွားလေသည်။ သည်လိုမှန်းသိရင် ငါးပိထောင်းလေး ဘာလေးယူခဲ့ပါရဲ့။ နောင်တရပါပေစွ။

ကျွန်တော်တို့၏ မြန်မာ့လူငယ် ခေါင်းဆောင်များအစီအစဉ်ကို ပံ့ပိုးသော Union aid မှ တာဝန်ရှိသူနှစ်ဦး အော့ ကလန် လေဆိပ်တွင် လာကြိုကာ အော့ ကလန်မှ ဝယ်လင်တန်သို့ ခရီးဆက်ရန် ပြည်တွင်းလေကြောင်းရှိရာ အဆောင် သို့ အကူးအပြောင်း လုပ်ပေး၏။ သူတို့ ကူညီ၍ပင် တော်တော့သည်။ မဟုတ် လျှင်ခရီးတွင်မည်မဟုတ်။ ခရီးဆောင် သေတ္တာများ အပ်သောနေရာတွင် လူမရှိဘဲ စက်နှင့်သာ ကိုယ့်ဘာသာကိုယ် ဆောင်ရွက်ရသည့်စနစ်မျိုး ဖြစ်သည်။ မိမိတို့ဆီကလို လေယာဉ်လက်မှတ် ထုတ်ပေးသည့် ကောင်တာတွင် တစ်ခါ တည်း အိတ်အပ်ခဲ့ရသည်မျိုးမဟုတ်ဘဲ လေယာဉ်လက်မှတ်ရလျှင် မိမိတို့ဘာသာ စက်ရှိရာသွားကာ မိမိ၏ ခရီးဆောင် သေတ္တာကို တင်လိုက်လျှင် စက်ကအလို လျောက်မှတ်သား၏။ အလေးချိန်ကို ပြ၏။ ထို့နောက်သူ့ဘာသာသိမ်းသွားလေသည်။

ဝယ်လင်တန်သို့ လေယာဉ်ထွက် မည့် အချိန်က လိုသေးသဖြင့် လေဆိပ် ထဲတွင် ဟိုဟိုဒီဒီ လျှောက်ကြည့်ရာ ဒေသခံမွာရီ တိုင်းရင်းသားအချို့ကို တွေ့ရသည်။ သူတို့ကား ဥရောပတိုက် သားများနှင့် မတူ။ သာမန်လူများထက် ကိုယ်ခန္ဓာ ထွားထွားကျိုင်းကျိုင်း၊ အသားညိုညို၊ လက်နှင့် မျက်နှာနေရာ အချို့တွင် ဆေးမင်ကြောင်အချို့ထိုးထား လေသည်။ နာမည်ကျော် ကာတွန်းကား မိုအာနာထဲက မာဝီ ဇာတ် ကောင်နှင့် အတော်တူလေ၏။

အော့ကလန်မှ ဝယ်လင်တန် သို့ လေယာဉ်ခရီးကား တစ်နာရီခန့်သာ ကြာ၏။ လေယာဉ်ဆင်းခါနီးတွင် မြင်ရ သော မြင်ကွင်းများမှာလည်း ရန်ကုန် မှ ထားဝယ်သို့ လေယာဉ်နှင့်ပြန်လျှင် ရာသီဥတုကောင်းနေချိန်မြင်ရသော မြင်ကွင်းမျိုး ဖြစ်သည်။ ပင်လယ်ပြင်ကြီး ကျယ်ကြီးနှင့် စိမ်းလဲ့လဲ့ တောင်တန်းများ၊ ကျွန်းလေးများ၊ ဖြူလွလွကမ်းခြေများသို့ အပြေးအလွှားလာနေသည့် လှိုင်းတန်း ဖွေးဖွေးများ။
အိုး…ထားဝယ်ကို လွမ်းမိရဲ့။

ပင်လယ်ကမ်းစပ်နံဘေးကလေး တွင်ပင် ဆောက်ထားသော လေယာဉ် ကွင်းသို့ လေယာဉ်ညင်သက်စွာဆင်း ပါပြီ။ ဝယ်လင်တန်လေဆိပ်ကလေးတွင် ကျွန်တော်တို့ကို စောင့်ကြိုနေကြသည့် မိသားစုများကို တွေ့ရပါတော့သည်။ ထိုမိသားစုများမှာ ကျွန်တော်တို့ အသီးသီးကို ခေါ်ထားကာ (၆)လတာ ကျွေးမွေး စောင့်ရှောက်ကြမည့်သူများ ဖြစ်သည်။ ကျွန်တော်နေထိုင်ရမည့် မိသားစုမှာ ဤမြန်မာ့လူငယ်ခေါင်းဆောင် အစီအစဉ်ကို စတင်ခဲ့သော ရော့ဝီဆင်နှင့် ဟယ်လင်ဝီဆင် တို့မိသားစုဖြစ်ပြီး ဟယ်လင်မှာ ဤအစီအစဉ်တွင် မန်နေဂျာ အဖြစ်လုပ်ကိုင်နေဆဲ ဖြစ်သည်။ သူတို့ ဇနီးမောင်နှံမှာ မြန်မာပြည်တွင် အတော် ကြာနေဖူးသည်ဖြစ်၍ မြန်မာအကြောင်း ကိုလည်း အတော်အတန်သိလေ၏။ သူတို့ဇနီးမောင်နှံက ကျွန်တော်နှင့် အတူ အခြားကျောင်းသားတစ်ဦးကို သူတို့ အိမ်သို့ခေါ်သွားပါသည်။ ဝယ်လင်တန်မြို့ ကလေး၏ ဆိတ်ငြိမ်ရပ်ဖြစ်သော အမှတ် (၁၀၆)၊ အော်စတင်လမ်း၊ ဝိတိုရိယ တောင်ခြေရှိ နှစ်ရာကျော် ရှေးသစ်သား အိမ်ကလေးမှာ ကျွန်တော်တို့ကိုကြိုဆို လျက် ရှိပါသည်။ ခီအိုရာ (Kငa ora) ဟု မွာရီ တိုင်းရင်းသား ဘာသာစကားနှင့် ဝယ်လင်တန် မြို့လေးကို နှုတ်ဆက်မိ ပါသည်။ ဝယ်လင်တန်ကား ရာသီဥတု သာယာလျက် ကျွန်တော်တို့ကို ဆီးကြို နေသည့် အလား။

ဝေယံထွဏ်း