ကော့သောင်းဘောလုံးကွင်း ယိုယွင်းလျက်ရှိ

0
4122

အစဉ်အလာရှိသော အားကစား သမားများ ပေါ်ထွက်သည့်ကော့သောင်း မြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ မြို့မဘောလုံးကွင်းသည်လက်ရှိအချိန်တွင် ယိုယွင်းလာလျက်ရှိနေကြောင်း ကော့သောင်း မြို့နယ်၊ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။


ကော့သောင်းဘောလုံးကွင်းသည် လက်ရှိအချိန်တွင် တောင်ဘက်နှင့်အနောက်ဘက်မှခြံစည်းရိုးများမရှိ တော့ခြင်း၊ ကွင်းအတွင်း မြက်များ ပေါက် ရောက်မှု မရှိခြင်းတို့ကြောင့် ပြန်လည်ပြု ပြင်ရန် လိုအပ်နေကြောင်း ကော့သောင်း ခရိုင်ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအောင်ဇော်မြင့်က ပြောသည်။


“တစ်ဖက် (ထိုင်း) နိုင်ငံကို သွားရောက် ယှဉ်ပြိုင်နေရတာကြောင့်ကျွန်တော်တို့ဆီမှာလည်း ကွင်းကောင်းတစ်ခု ဖြစ်လာဖို့ လိုအပ်နေပါတယ်”ဟု ၎င်းက ပြောသည်။


ဘောလုံးကွင်းအတွင်း ခြံစည်းရိုးအခိုင်အမာမရှိသည့်အတွက် အမှိုက်များ လာရောက်စွန့်ပစ်ခြင်း၊ မှောင်ရိပ်ခိုကာ မူးယစ်ဆေးဝါးများ လာရောက်ရောင်းဝယ်ဖောက်ကားနေသည်ဟုလည်း ကြားသိနေရကြောင်း ကော့သောင်းခရိုင်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမင်းလွင်က ဆိုသည်။


“လုံလုံခြုံခြုံနဲ့ ပုံမှန်အတိုင်း အမြဲ တမ်း စိမ်းလန်းနေတဲ့ ကွင်းတစ်ခုဖြစ်မှ ပြိုင်ပွဲအရပ်ရပ်ကို ကျင်းပနိုင်မယ်”ဟု ၎င်းက ပြောသည်။


ဘောလုံးကွင်းပြန်လည်ပြုပြင်ရေး နှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ အတွင်းက တနင်္သာရီတိုင်း အစိုးရအဖွဲ့ သို့ တင်ပြခဲ့ဖူးကြောင်း ဦးမင်းလွင်ကပြောပြသည်။


ယခင်ကကော့သောင်းမြို့တွင် နိုင်ငံအဆင့် ဝင်ရောက်ကစားခဲ့သည့် အားကစားသမားများပေါ်ထွန်းခဲ့ဖူးသည်။ သို့သော် ယခုအခါကျဆင်းလာနေပြီး ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေးကြိုးပမ်းနေကြောင်း ယင်းအဖွဲ့ချုပ်ထံမှသိရသည်။

ကိုဆန်