တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၇၊ ညနေ ၆ နာရီခွဲ)

0
753

ကိုရိုနာ သံသယလူနာ အသစ်မရှိ

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မတ်လ ၂၇ ရက်နေ့ ညနေပိုင်း စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသည့် သံသယလူနာ အသစ် မရှိပေ။

မတ်လ ၂၅ ရက်နေ့ အထိ သံသယလူနာ နှစ်ဦး ရှိပြီး တစ်ဦးမှာ ပိုးမတွေ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ နောက်တစ်ဦးမှာ ဆေးစစ်အဖြေကို စောင့်နေဆဲ ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ဆေးရုံးတွင် စောင့်ကြည့်လူနာ (Hospital Quarantine) ဆယ်ဦး ရှိပြီး ကော့သောင်းတွင် နှစ်ဦး၊ မြိတ်တွင် လေးဦးနှင့် ထားဝယ်တွင် လေးဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။


မြိတ်တွင် ၃၄ ဦး စခန်း စောင့်ကြည့်

မြိတ်မြို့တွင် ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ ၃၄ ဦးကို စောင့်ကြည့်ရေး စခန်းတွင် သီးသန့်ထားရှိသည်။

မြိတ်မြို့ ၊ ကလွင်ကျေးရွာအုပ်စုရှိ အေးရိပ်ချောင်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ထားရှိခြင်း ဖြစ်သည်။

၎င်းတို့အနက် ၂၄ ဦးမှာ မြိတ်မြို့မှ ဖြစ်ပြီး ကျန် ၁၀ ဦးမှာ ကျွန်းစုမြို့နယ်မှ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အားလုံးကျန်းမာရေး ကောင်းသည်ဟုဆိုသည်။


ကိုရိုနာရောဂါပိုးကာကွယ်ရေး စေတနာ့ဝန်ထမ်း တစ်ရာသုံးမည်

ထားဝယ်ဒေသတွင် ကိုရိုနာရောဂါပိုးကာကွယ်ရေး အတွက် စေတနာ့ ဝန်ထမ်း တစ်ရာဖြင့် ကဏ္ဍငါးခုတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Covic-19 ထိမ်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်) အဖွဲ့ထံမှ သိရသည်။

ယင်းကဏ္ဍငါးခုမှာ ပိုးသတ်ဆေးဖျန်းမည့်အဖွဲ့၊ PPE ဟုခေါ်သော ရောဂါကာကွယ်ရေးဝတ်စုံ သရုပ်ပြအဖွဲ့၊ ထားဝယ်အဝင်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသူတို့၏ ခရီးသွားမှတ်တမ်း အချက်အလက်ကောက်ယူမည့်အဖွဲ့၊ ကောက်ယူရရှိသည့် အချက်အလက်များကို စုဆောင်းမည့်အဖွဲ့ နှင့် ၁၄ ရက်စောင့်ကြည့်ခံရသူ(Quarantine ) တို့ကို နှစ်သိမ့်ဆွေးနွေး၊ ပညာပေးမည့်အဖွဲ့၊ အသံချဲ့စက်များဖြင့် နယ်လှည့် အသိပညာပေးအဖွဲ့တို့ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။


ကော့သောင်းတွင် ပါဆယ်သာဆွဲရမည်

ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သော ကော့သောင်းမြို့တွင် KTV၊ မာဆတ်များ ယာယီပိတ်ထားရန်နှင့် အခြားစားသောက်ဆိုင်များတွင် ထိုင်စားခွင့်မပြုတော့ဘဲ ပါဆယ်သာရောင်းရန် အမိန့်ထုတ်လိုက်သည်။

ကိုရိုနာရောဂါပိုး ကာကွယ်ရေးအတွက် မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထိုအမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံခြားမှ ပြန်ရောက်လာသော လူပုဂ္ဂိုလ်များအားလည်း နေအိမ်တွင် ၁၄ ရက်
ရောဂါစောင့်ကြည့်နေစဉ်ကာလအတွင်း ထိုသူများ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊
မိသားစုဝင်များနှင့် အတူနေထိုင်ခြင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်း မပြုရန်ကြရန်လည်း ထိုအမိန့်ဖြင့် တားမြစ်ထားသည်။

လက်ရှိတွင် နေအိမ်စောင့်ကြည်စနစ်ဖြင့် စောင့်ကြည့်နေသူ ကော့သောင်းမြို့နယ်အတွင်း ၁၁၅ ဦး ရှိကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

ဓာတ်ပုံ – ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာရှိ ဆိုင်တစ်ဆိုင်တွင် လက်ဆေးရန် နေရာထားရှိမှု

ဓာတ်ပုံဝေယံစိုး