မယ့်သမီးခီးစက်မှုဇုန်စီမံကိန်း အစီရင်ခံစာ တိုင်းအစိုးရထံတင်ပြ

0
764

စာမျက်နှာပေါင်း တစ်ရာကျော် ပါဝင်သည့် ထီးခီးစက်မှုဇုန်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ ဆန်းစစ် လေ့လာခြင်း အစီရင်ခံစာကို တိုင်းအစိုးရ ထံ တင်ပြထားကြောင်း Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာ ဦးရဲမြင့် က ဆိုသည်။


ထီးခီးစက်မှုဇုန်ကို ယခင်က မြေ အကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင် နေရာမှ လက်ရှိတွင် စက်မှုဇုန်အတွင်းရှိ သစ်တောနယ်မြေတစ်ခုကို ချန်လှပ်ပေးရမည် ဖြစ်သည်။


သစ်တောနေရာအဖြစ် ချန်လှပ်ရ မည့် မြေအကျယ်အဝန်းမှာ ၁၁၅၀ ဧက ရှိသည့်အတွက် ကုမ္ပဏီအနေဖြင့် ၅၅၂၆ ဧကပေါ်တွင် စီမံကိန်း အကောင် အထည် ဖော်ရမည် ဖြစ်သည်။
ထီးခီး (မယ့်သမီးခီး) စက်မှုဇုန် ဖော်ဆောင်မည့် Mae Tha Mee Khee Region Industrial ကုမ္ပဏီမှာ Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီတို့ ပေါင်းထားခြင်း ဖြစ်သည်။


အဆိုပါ အစီရင်ခံစာနှင့် ပတ်သက် ၍ လာမည့် မတ်လ ၁၈ ရက်နေ့တွင် တိုင်းအစိုးရကို ရှင်းလင်းရမည်ဖြစ်ပြီး တိုင်းအစိုးရက အတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ စီးပွားရေး ကော်မတီကို ဆက်တင်ရမည်ဖြစ်ကြောင်း ဦးရဲမြင့်က ဆိုသည်။


“သူတို့ဆီပြန်တင်ထားတယ်။ အဲဒါ ကို လာမယ့် ၁၈ ရက်နေ့မှာ သူတို့ (တိုင်းအစိုးရ)ကို ရှင်းပြရမှ”ဟု ဦးရဲမြင့် က ပြောသည်။


ယင်းအစီရင်ခံစာက စက်မှုဇုန် လုပ်ငန်းခွင့်ပြုမိန့်အတွက် လုပ်ဆောင်နေ ခြင်းဖြစ်ပြီး မြေယာလုပ်ကိုင်ခွင့်အတွက် လည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။


စီမံကိန်းအတွက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းက Power China ကုမ္ပဏီ နှင့် နားလည်မှုသဘောတူစာချုပ် လက် မှတ်ရေးထိုးဖူးသော်လည်း ခွင့်ပြုမိန့် ကြန့်ကြာနေသည့်အတွက် လက်ရှိတွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။


ယင်းစီမံကိန်းအတွင်းရှိ စက်မှုမြို့ တော်ကို ဧက ၄၀ဝ ခန့်ပေါ်တွင် ကုမ္ပဏီ တစ်ခုချင်းအလိုက် အကောင်အထည် ဖော်နိုင်ရန်စီစဉ်နေကြောင်း ဦးရဲမြင့်က ပြောဆိုထားသည်။


Power China ကုမ္ပဏီနှင့် လက်မှတ်ထိုးစဉ်က မယ့်သမီးခီး စက်မှု ဇုန်နှင့်အတူ တနင်္သာရီမြစ်အတွင်း ထုတ် မည့် ရေအားလျှပ်စစ်စီမံကိန်း၊ ဆိပ်ကမ်း တစ်ခု၊ စုံစင်ဖျား-ထီးခီးလမ်း ဖောက်မည့် အစီအစဉ် စသည့်စီမံကိန်းများ ပါဝင်ခဲ့ သည်။


ယင်းစီမံကိန်းများက စီမံကိန်း တစ်ခုချင်းအလိုက်သာ ဖြစ်သည့်အတွက် လက်ရှိတွင် အထက်ပါစီမံကိန်းများ မပါ ဝင်တော့ဘဲ စက်မှုဇုန်တစ်ခုသာ ပါဝင် ကြောင်း Sun and Rainbow ကုမ္ပဏီ ထံမှ သိရသည်။