မဲဆန္ဒနယ်ပြင်ပရောက်သူများကို ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်

0
5530

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ပြင်ပရောက်သူများကို ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်သည် ဟု တိုင်းရင်းသားပါတီတို့က ထောက်ပြ ကြသည်။


မဲဆန္ဒနယ်ပြင်ပရောက်သူများ အနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေး ခွင့်ပြုသည့်အပေါ် တိုင်းရင်းသားပါတီ အများစုက ကန့်ကွက်နေကြသည်။


မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း”ဆိုသည့်စကားရပ်ကို “အနည်း ဆုံးရက်ပေါင်း ၉၀ ထက်မနည်း”ဆို သည့် စကားရပ်ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ အစားထိုးပြင် ဆင်ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဲခွဲအတည် ပြုထားသည်။


“သူတို့ (မဲဆန္ဒနယ် ပြင်ပရောက်သူ တွေ) ထွက်ခွာလာတဲ့ဒေသကိုပဲ ကြိုတင် မဲ အနေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေ မှာလည်း ထိခိုက်မှုမရှိဘူး၊ အဲဒီရွှေ့ပြောင်း သွားလာနေတဲ့သူတွေလည်း နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ မဲဆန္ဒကို လည်း ပေးနိုင်လိမ့်မယ် ဒါက ပိုပြီးတော့ သင့်တော်မယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။


ရက်ပေါင်း ၉၀ ကျော်နေထိုင် သည် ဆိုရုံဖြင့် အဆိုပါဒေသ၏ကိုယ်စားလှယ် အား ရွေးချယ်မဲပေးခွင့်ရရှိခြင်းသည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထား များအပေါ် များစွာထိခိုက်စေသည့်အပြင် မူလဒေသခံများ၏ ဆန္ဒကိုဝင်ရောက်စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ဖြစ်စေ သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့အပါအဝင် တိုင်းရင်းသား ၁၄ ပါတီတို့က ကြေညာ ချက်ထုတ် ကန့်ကွက်ထားသည်။