MCL ဘိလပ်မြေစက်ရုံကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိ မရှိ ပုံမှန်စစ်ဆေးနေ

0
5770

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cemant Ltd. (MCL) ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိကို လစဉ်ပုံမှန်စစ်ဆေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။


MCL ဘိလပ်မြေစက်ကို ကျောက်မီး သွေးအစား အခြားလောင်ဖြင့် လည်ပတ် ရန် ဒေသခံတို့က အကြိမ်ကြိမ်ကန့်ကွက် တောင်းဆိုခဲ့ကြသော်လည်း ကျောက်မီး သွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့သည်။


“MCL ကို ဒေသခံတွေက ဟိုးအစကတည်းက စိုးရိမ်မှုတွေ ကြီးမားတဲ့ အခါကျတော့ စက်ရုံက စွန့်ထုတ်လိုက်တဲ့ လေထု၊ နောက်ပတ်ဝန်းကျင်မှာရှိတဲ့ ရေအရည်အသွေးပေါ့။ ဒါတွေကို ဌာနကနေပြီးတော့ စက်တွေနဲ့ အထိုင် သွားစစ်ဆေးတာရှိသလို တချို့က လည်း နမူနာယူပြီးတော့ ဓာတ်ခွဲခန်းမှာ ပြန်စစ်တာတွေ ရှိတယ်။ အဲလိုပုံစံမျိုးနဲ့ တိုင်းတာစစ်ဆေး စောင့်ကြည့်နေတာ တွေရှိတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
တိုင်းတာစစ်ဆေးမှုရလဒ်အရ လေထုညစ်ညမ်းမှု အနည်းငယ်မြင့် တက်မှုရှိနေသော်လည်း သဘာဝ ပတ်ဝန်းကျင်ကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစေသည့်အချက်များ မတွေ့ရှိရသေး ဟု ၎င်းက ပြောသည်။


၂၀၁၉ ခုနှစ် ဩဂုတ်လက ကျင်းပခဲ့သည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (အဋ္ဌမ) အကြိမ်အစည်းအဝေး ဆုံးဖြတ်ချက် အရလည်း MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား ပလပ်စတစ်စွန့်ပစ် လောင်စာ အသုံးပြုလည်ပတ်နိုင်ရန် စက်ရုံနှင့် ညှိနှိုင်းထားဆဲဟု မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။


ကျောက်မီးသွေးသုံး မော်လမြိုင် ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ဖြင့် ပုဂ္ဂလိကအကျိုးတူ အမေရိကန် ဒေါ်လာ သန်း (၄၀ဝ) ရင်းနှီးမြှုပ်နှံ ထားသည့် စက်ရုံဖြစ်ပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လျက် ရှိသည်။