ကော့သောင်းတွင် ငါးဈေးကွက် ပေါ်ပေါက်ရေး ကြိုးပမ်းမည်

0
4478

မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့တွင် ငါးဈေးကွက်ကြီး တစ်ခုပေါ်ပေါက်လာရေး စတင်ကြိုးပမ်း မည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောကြားသည်။


သရက်ချောင်းမြို့နှင့် မြိတ်မြို့တို့ တွင် ငါးလေလံဈေး တည်ဆောက်ထား သော်လည်း အောင်မြင်မှုမရှိသည့်အတွက် ကော့သောင်းတွင် ငါးလေလံဈေးကြီး တစ်ခုဖြစ်ထွန်းအောင် မြင်အောင်လုပ် ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


တနင်္သာရီတိုင်းဒေသကြီးမှ ဖမ်းဆီး ရမိသော ပင်လယ်ထွက်ကုန်များကို ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်း နိုင်ငံ ရနောင်းမြို့တွင် သွားရောက် ရောင်းချလေ့ ရှိသည်။


မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးရှိပြီး၂၀ဝ၃ ခုနှစ်တွင် ခေတ္တရပ်နားကာ၂၀၁၆ ခုနှစ်တွင် လုပ်ငန်း ပြန်လည် လည်ပတ်ရေး ကြိုးစားနေဆဲ ဖြစ်သည်။


“ဈေးကွက်တစ်ခုအောင်မြင်ဖို့ဆိုတာအစိုးရ၊ လုပ်ငန်းရှင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးပါဝင်ပြီးလုပ် ဆောင်သွားဖို့လိုတယ်” ဟု ဦးမင်းလွင်က ပြောသည်။


လက်ရှိအချိန်တွင်တော့ကော့သောင်း ရေပြင်ရှိ ငါးဖမ်းကွက် လေးကွက်အား ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး အကန့် အသတ်မရှိ ပိတ်လိုက်သည့်အတွက် ကော့သောင်းရှိ ကမ်းဝေးရေလုပ်သားများ အခက်အခဲဖြစ်ပေါ်လျက် ရှိသည်။


ငါးဖမ်းခွင့် ပိတ်လိုက်သည့်ဧရိယာ အတွင်းရှိ ဇာဒက်ကြီး၊ သူရဲကောင်းကျွန်း အုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီးစသည့်ကမ်းဝေး လှေတို့ငါးဖမ်းနေသည့်ကျွန်းအနီးရေပြင်များ ပါဝင်သည်။


“ရေလုပ်သားတွေအတွက် စားကျက်မြေပျောက်ဆုံးသွားသလိုခံစားနေ ရတယ်” ဟု ကော့သောင်းမြို့မှ ရေလုပ် ငန်းရှင် ဦးသန်းရှိန်က ပြောသည်။


၂၀၂၀ ခုနှစ်စာရင်းအရ ကော့သောင်း ခရိုင်အတွင်း ကမ်ဝေးငါးဖမ်းလှေ ၄၂ စီးနှင့်ဒေသခံ (တဝ) ကမ်းနီးလှေ ၁၂၁ စီးရှိကြောင်း ကော့သောင်းခရိုင်ငါး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ကိုဆန်