လှေပိုင်ရှင်အား ဓားဖြင့်ခုတ်သည့် လှေသား တစ်သက်တစ်ကျွန်းကျနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ခံရ

0
4127

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကျေးရွာတွင် အိမ်ပေါ်အိပ်ပျော်နေသည့် လှေပိုင်ရှင်ကို ဓားဖြင့်ခုတ်ခဲ့သည့် အမျိုးသားကို ထောင်ဒဏ်တစ်သက် တစ်ကျွန်း ကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ထိုကျေးရွာတွင် မတ်လ ၇ ရက် နံနက် ၁၁ နာရီခန့်တွင် လှေပိုင်ရှင် အမျိုးသားက အိမ်ပေါ်တွင် အိပ်ပျော် နေစဉ် လှေသားဖြစ်သည့် အသက် ၃၃ နှစ် အမျိုးသားက ဓားကိုင်ပြီး အိမ်ပေါ်သို့ တက်သွားသည်ကို အိမ်နောက်တွင် အဝတ်လျှော်နေသည့် လှေပိုင်ရှင်၏ဇနီးဖြစ်သူက မြင်တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုသို့တက်သွားပြီးနောက် ခင်ပွန်း ဖြစ်သူ၏ အော်ဟစ်သံကိုကြားရပြီး အိမ် ပေါ်တက်ကြည့်ရာ စိုးရိမ်ရသည့် ပြတ်ရှ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


လှေပိုင်ရှင်အား ဓားဖြင့် ခုတ်ခဲ့သည့် လှေသားကို ဖမ်းမိထားပြီး ရာဇသတ်ကြီး ပုဒ်မ- ၃၂၆/၄၅၂ ဖြင့် မောင်းမကန် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေသည့် လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ဖြစ်ပြီး ဖောက်ဖျက်ပါက တစ်သက် တစ်ကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ် ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။


ရာဇသတ်ကြီးပုဒ်မ- ၄၅၂ မှာ နာကျင်စေမှုကိုကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှုဖြစ်ပြီး ဖောက်ဖျက် ကျူးလွန်ပါက ၇ နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။