ရေရှားနေသည့် ကညုံကျွန်းရွာသို့ ရေသယ်ကားလာနိုင်ရန် တံတားလွှဲဆောက်ပေးရန် လိုအပ်နေ

0
3988

ပြီးခဲ့သည့်လကတည်းက သောက် သုံးရေရှားပါးနေသည့် ကညုံကျွန်း ကျေးရွာသို့ ရေသယ်ကားများ လာရောက် နိုင်ရန်အတွက် ကွန်ကရစ်လမ်းခင်းနေဆဲ ဖြစ်သော ကထောင်းနီ-ကညုံကျွန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတား သုံးစင်းကို တံတားလွှဲ ဆောက်ပေးရန် လိုအပ်နေကြောင်း ယင်းကျေးရွာသား အချို့ကပြောသည်။


လက်ရှိတွင် ယင်းကျေးရွာချင်း ဆက်လမ်းပေါ်ရှိ တံတားသုံးစင်းမှာ ရေသယ်ကားများသွားနိုင်သည့် တံတား လွှဲမရှိဘဲ ဆိုင်ကယ်များသာ သွားနိုင် သည့် တံတားလွှဲတစ်ခုစီသာ ရှိကြောင်း ကညုံကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။


ယင်းတံတားသုံးစင်းမှလွဲပြီး ကျန် နေရာများတွင် လယ်ကွင်းမှာ ဖြတ်သန်း သွားလာနိုင်ကြောင်း ဦးလှဝင်းက ပြော သည်။


ယင်းအတွက်ကြောင့် ရေလှူမည့် သူများနှင့် အခြားရွာတွင် ရေသွားသယ် မည့်ကားများမှာ ဖြတ်သန်းသွားလာ မရဘဲ ကျေးရွာအတွင်း သောက်သုံးရေ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ယင်းကျေးရွာသား တစ်ဦးဖြစ်သည့် ကိုအောင်မင်းစိုးက ပြောသည်။


“သောက်ရေကတော့ ပိုပြီးတော့ အရေးကြီးနေတယ်။ ချိုးရေကတော့ အမြှုပ်မထွက်တဲ့ ရတဲ့ရေ ချိုးနေရတာ ပေါ့။ အဝတ်လျှော်လဲမရ ဒီလိုပဲ အဆင် ပြေသလိုနေနေရတယ်”ဟု ကိုအောင်မင်း စိုးက ပြောသည်။


ယင်းကဲ့သို့ ကျေးရွာအတွင်း ရေ အခက်အခဲဖြစ်နေသဖြင့် ရေသယ်ကား များ ဖြတ်သန်းသွားလာရန်အတွက် တံတားလွှဲများ ဆောက်ပေးရန် လိုလား နေကြခြင်း ဖြစ်သည်။


“လမ်းလွှဲ(တံတားလွှဲ) လာလုပ် ပေးစေချင်တယ်။ ဒီလိုရေရှားနေတဲ့ အချိန်မှာလေ။ အခုက လမ်းလွှဲ (တံတား လွှဲ) လုံးဝ လာမလုပ်ပေးဘူး။ ဌာန ဆိုင်ရာ လူကြီးတွေ ဆင်းလာကြည့် စေချင်တယ်”ဟု ၎င်းက ပြောသည်။


ထားဝယ်ခရိုင် ကျေးလက်ဒေသ လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဝင်းညွန့်ကမူ ယင်းတံတားသုံးစင်း မှာ အသစ်ဆောက် လုပ်နေခြင်းမဟုတ်ဘဲ တံတားအဟောင်းတွင် ကွန်ကရစ် လောင်းသည်သာဖြစ်သောကြောင့် ရန်ပုံ ငွေ ပိုမကုန်စေရန်အတွက် တံတားလွှဲ မဆောက်ခြင်းဖြစ်ကြောင်း ပြောသည်။


ယင်းအပြင် လမ်းမလုပ်မီ ကတည်းက လမ်းပိတ်မည့်အကြောင်း ကြိုတင်ပြောပြထားပြီး ရေလိုအပ်ပါက ယင်းဌာနရှိ ထော်လာဂျီဖြင့် ရေသယ်ပေး မည်ဖြစ်ကြောင်းလည်း ကျေးရွာအုပ်ချုပ် ရေးမှူးကို ပြောဆိုခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက မည်သို့မှ ပြန်မပြောခဲ့ ကြောင်း ၎င်းက ပြောသည်။


လက်ရှိတွင် ယင်းတံတားသုံးစင်း အနက် တစ်စင်းမှာ ကွန်ကရစ်လောင်း ထားပြီးဖြစ်ပြီးနောက်ထပ် ကွန်ကရစ် လောင်းရန် တံတားနှစ်စင်းရှိနေကာ ကွန်ကရစ်လောင်းပြီး ၂၈ ရက်ကြာမှ မြေသယ်ကားကဲ့သို့ ဝန်များမည့်ကားများ ဖြတ်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


ကညုံကျွန်းရွာသို့ ရေလှူမည့်သူ များသည် ထားဝယ်မြစ်အတိုင်း လှေဖြင့် သွားရောက် ရေလှူဒါန်းနိုင်သည်။

ကျော်သူစိုး