ကော့သောင်းတွင် လူကုန်ကူးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း အကြောင်း အပတ်စဉ် အသိပညာပေးမည်

0
4418

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များတွင် လူကုန်းကူးခြင်းနှင့် ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကို ယခုနှစ်မှစပြီး အပတ်စဉ်လုပ်ဆောင် မည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ် သမား အရင်းအမြစ်စင်တာ ကော့သောင်း ရုံးခွဲထံမှ သိရသည်။


ယင်းအသိပညာပေးလုပ်ငန်းကို တစ်ပတ်လျှင် တစ်ရပ်ကွက်နှုန်းဖြင့် အပတ်စဉ် စနေ့နေ့တိုင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စုရပ် အဖြစ် သတ်မှတ်လုပ်ဆောင်မည်ဖြစ် ကြောင်း အထက်ပါစင်တာ ကော့သောင်း ရုံးခွဲတာဝန်ခံ ဦးမိုးဝေက ပြောသည်။


လက်ရှိတွင် ဘုရင့်နောင်၊ အဏ္ဏဝါ၊ အောင်သုခ၊ ပိတောက်ရွှေဝါ စသည့် ရပ်ကွက်အချို့တွင် အသိပညာပေး ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။


မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀ဝ၅ ခုနှစ်တွင် စတင်ပြဋ္ဌာန်းထားသည်။


ယင်းဥပဒေတွင် ပုဂ္ဂိုလ်တစ်ဦးဦး သည် အခြားတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လှည့်ဖြားခြင်း၊ လိမ်လည်ခြင်းစသည်တို့ဖြင့် သိမ်းသွင်း စုဆောင်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချ ခြင်း၊ ငှားရမ်းခြင်းစသည်တို့လုပ်ဆောင် ပါက လူကုန်ကူးမှုမြောက်ကြောင်း ဖော်ပြထားသည်။


ကော့သောင်းမြို့တွင် ပြုလုပ်သည့် ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူး မှုဆိုင်ရာ အသိပညာပေး လုပ်ငန်းကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့နှင့် ရွှေ့ပြောင်း အလုပ်သမား အရင်းအမြစ်စင်တာ ကော့သောင်းရုံးခွဲတို့ ပူးပေါင်း ပြုလုပ် ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကျော်သူစိုး