ဗိုင်းရပ်စ်ကာကွယ်ရေး တနင်္သာရီတိုင်း အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ

0
8306

တနင်္သာရီတိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးမှ အောက်ပါ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ချက်များကို ထုတ်ပြန်သည်။

နွေရာသီသင်တန်း အားလုံးပိတ်

ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အားကစားသင်တန်း၊ ကွန်ပြူတာ၊ အင်္ဂလိပ်စာသင်တန်း စသည့် နွေရာသီသင်တန်းများ ဖွင့်လစ်မှုကို ပိတ်သိမ်းခိုင်းလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။
“(အားကစားသင်တန်းတွေအတွက်) အားကစားဌာနကလည်း စာထွက်ပြီးပြီ။ (ကွန်ပြူတာ၊ အင်္ဂလိပ်စာ စတဲ့ သင်တန်းတွေ အတွက်) စားသုံးသူရေးရာ ကာကွယ်ရေးဌာနနဲ့ ပညာရေးဌာန ညှိနှိုင်းပြီးလည်း ပိတ်လိုက်ပြီ။ ဌာနဆိုင်ရာအလိုက် တားဆီးလိုက်တယ်ပေါ့လေ။ လုပ်ချင်ရင် ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းမှ လုပ်ပေါ့” ဟု ဦးဟိုပင်က ပြောသည်။

ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်များလည်း ခွင့်ပြုရန် မရှိ

လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ် စည့် တိုင်းအစိုးရက ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်အခမ်းအနားအားလုံး ရပ်နားလိုက်ပြီဖြစ်ရာ ပုဂ္ဂိလိကသင်္ကြန်မဏ္ဍပ်များကိုလည်း ခွင့်ပြုရန် မရှိကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။
“(ပုဂ္ဂလိက မဏ္ဍပ်ဆောက်ဖို့) ခုထိတော့ ခွင့်ပြုချက်တင်လာတာ မရှိသေးဘူး။ ခွင့်ပြုချက်တင်လာရင်လည်း ခွင့်မပြုဖို့ များတယ်” ဟု ဦးဟိုပင်က ပြောသည်။

လူစုလူဝေးကိစ္စနှင့် မင်္ဂလာဆောင်၊ အသုဘ အခမ်းအနား

ပြည်ထောင်စုအစိုးရက လူစုလူဝေးဖြင့် ကျင်းပမည့် အခန်းအနားများ မပြုလုပ်ကြရန် ထုတ်ပြန်ထားရာ အထက်ပါ အစည်းအဝေး တွင် လူစုလူဝေးဆိုသည်မှာ လူဦးရေ မည်မျှဟု သတ်မှတ်ထားခြင်းမျိုး အစည်းအဝေးတွင် မဆွေးနွေးရသေး ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။
မင်္ဂလာဆောင်ကဲ့သို့သော အခမ်းအနားများကို ဖြစ်နိုင်ပါက ဧပြီ ၃၀ နောက်ပိုင်းသို့ ရွှေ့ဆိုင်းကြရန်နှင့် စီစဉ်ပြီးသားဆိုရင်လည်း ကျမ်းမာရေးဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြစေလိုကြောင်း ဦးဟိုပင်က အစည်းအဝေးအပြီးတွင် ပြောသည်။
“(မင်္ဂလာဆောင်က) ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်။ ကာယကံရှင်က ဧပြီ ၃၀ နောက်ပိုင်းရွှေ့မယ်ဆို ကောင်းတာပေါ့။ တားမြစ်တာမျိုးတော့ မရှိပါဘူး” ဟု ဦးဟိုပင်က ပြောသည်။
အသုဘအခမ်းအနားများတွင် လူကြပ်သိပ်နေခြင်းမျိုး မရှိစေရန် သင်္ချိုင်း မီးသင်္ဂြိုဟ်ဝင်းအတွင်း အသုဘအခမ်းအနား ၂ ခု တပြိုင်နက်ကျင်းပခြင်းမျိုး မဖြစ်စေရေး အသုဘချချိန်ကို အချိန်ခွဲသတ်မှတ်ပေးနိုင် စည်ပင်သာယာရေးအဖွဲ့များအား ညှိနှိုင်းလုပ်ဆောင်သွားစေရန် ညွှန်ကြားသွားမည်ဟု ဦးဟိုပင်က ဆိုသည်။
“သင်္ချိုင်းမှာ လူသွားစုသလို မဖြစ်အောင်၊ တစ်တည်ပြီးမှ တတည်ဖြစ်အောင် တချိန်တည်းမဟုတ်ဘဲ အချိန် နည်းနည်း ခွာပြီး လုပ်နိုင်အောင်ပေါ့” ဟု ၎င်းက ပြောသည်။

တရုတ်နှင့် နိုင်ငံခြားသား ဝင်ထွက်ခွင့်

တရုတ်နိုင်ငံသားများနှင့် အခြား နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို ကန့်သတ်မည့် မူဝါဒမျိူးတော့ ချမှတ်ထားခြင်းမျိုး မရှိသေးဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။
“ဒို့(တိုင်း)မှာ ဒီလိုကန့်သတ်မယ့် ပေါ်လစီ မချသေးဘူး၊ နိုင်ငံတော်ကလည်း မချဘူး” ဟု ဦးဟိုပင်က ဆိုသည်။
တရုတ်နိုင်ငံသားများဝင်ရောက်လာပါက ဗိုင်းရပ်စ်လက္ခဏာ ရှိ/မရှိ၊ ၎င်းထွက်ခွာလာသည့်နေရာက ရောဂါရှိသည့်နေရာ ဟုတ်/မဟုတ်၊ ရောဂါရှိသူများနှင့် နေခဲ့ဖူးခြင်း ရှိ/မရှိ စသည့်အချက်များကို စစ်ဆေးကာ လိုအပ်ပါက စောင့်ကြည့်လူနာစာရင်းထဲ ထည်းသွင်းခြင်း၊ ၁၄ ရက် စောင့်ကြည့်ခြင်း စသည့်တို့ လုပ်ဆောင်သွားမည်ဟု ဦးဟိုပင်က ပြောသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆေးရုံအသီးသီးတွင်လည်း ဗိုင်းရပ်သံယရလူနာအတွက် သီးခြားအခန်းများ စီစဉ်ထားပြီး သီးခြားအခန်းများ ထပ်မံလိုအပ်ချက် ဖြစ်ပေါ်လာပါက အသင့်ဖြစ်နိုင်ရန် ဆေးရုံပြင်ပ အရန်နေရာများ စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကိစ္စများကို သက်ဆိုင်ရာ ဌာနအသီးသီးက ထုတ်ပြန်ခြင်း၊ ညွှန်ကြားခြင်းတို့ လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။

နယ်စပ်များတွင် စစ်ဆေးရေးကိစ္စ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအစဉ်အရ တနင်္သာရီတိုင်းအတွင်းရှိ ထိုင်းမြန်မာနယ်စပ်ဂိတ်များအပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့်နေရာအများစုတွင်ပါ ဗိုင်းရပ်စ် စစ်ဆေးရေးစင်တာများ ဖွင့်လှစ်သွားမည်ဟု တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ထိုင်း-မြန်မာ တရားဝင် နယ်စပ်ဂိတ်များဖြစ်သည့် ထီးခီး၊ မောတောင်၊ ကော့သောင်း နယ်စပ်ဂိတ်များနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်သည့် ထိုင်း-ကော့သောင်းနယ်ခြား ပါချန်မြစ်ကမ်းရွာတစ်ချို့တွင် အပူချိန်တိုင်း ကိရိယာများဖြင့် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဦးဟိုပင်က ပြောသည်။
လက်ရှိ စစ်ဆေးမှုအရ ထိုင်းနှင့် ထားဝယ်မြို့နယ် နယ်စပ်စခန်း ထီးခီးတွင် လူအဝင်အထွက်နှင့် ဗိုင်းရပ်စစ်ဆေးရေး ကျမ်းမာရေးဝန်ထမ်း အင်အားမမျှ ဖြစ်နေသဖြင့် ဆေးတပ်မတော်နှင့်ပူးပေါင်းအားဖြည့်သွားရန်ရှိကြောင်း ဦးဟိုပင်က ပြောသည်။
“ကျန်းမာရေးဝန်ထမ်း အင်အားတိုးပေးဖို့ ဆုံးဖြတ်တယ်။ တပ်မတော် ဆေးတပ်နဲ့ ပူးပေါင်းပြီး အားဖြည့်ပေးမယ်ပေါ့” ဟု ဦးဟိုပင်က ပြောသည်။

လေဆိပ်များတွင် စစ်ဆေးရေးကိစ္စ

တိုင်းအစိုးရအနေဖြင့် တိုင်းတွင်းလေဆိပ်များတွင်လည်း ဗိုင်းရပ်စစ်ဆေးရေးစင်တာများ ဖွင့်ထားပြီး ရေး ထားဝယ်နယ်ခြား မလွှဲတောင်ဂိတ်ကိုမူ ဒုတိယဦးစားပေး စစ်ဆေးရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေးဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဝန်ကြီး ဦးဟိုပင်က ပြောသည်။
“မလွှဲတောင်ဂိတ်ကတော့ မလွှဲတောင်ကို ရောက်လာတယ်ဆိုတာဟာ ဂိတ်အထပ်ထပ် ဖြတ်ပြီးမှ ရောက်လာတာ ဖြစ်တဲ့အတွက် သူ့( မလွှဲတောင်ဂိတ်)ကို ပထမဦးစားပေးတော့ မထားဘူး” ဟု ဦးဟိုပင်က ပြောသည်။