ဘောလုံးနည်းပြသင်တန်း ကော့သောင်းတွင် ပြုလုပ်မည်

0
988

ယခုနှစ်တွင် ပြုလုပ်မည့် ဘောလုံး နည်းပြ (စီလိုင်စင်) သင်တန်းကို ကော့သောင်းမြို့တွင် ဧပြီလ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။

ယင်းသင်တန်းကို ထားဝယ်နှင့် မြိတ်မြို့တို့ တစ်ကြိမ်စီ ကျင်းပပြီးဖြစ် သောကြောင့် ယခုနှစ် ကော့သောင်းမြို့ တွင် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းသင်တန်းတွင် လက်ရှိ ဘောလုံး အားကစားသမား(သို့) ဘောလုံးအား ကစားသမားဟောင်း အသက် ၁၈ နှစ်မှ ၆၀ အထိ ရှိသူများ လျှောက်ထားနိုင် ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

သင်တန်းတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အေလိုင်စင်ရရှိထားသည့် နည်းပြနှစ်ဦးက လာရောက်ပို့ချမည် ဖြစ်သည်။

ဘောလုံးနည်းပြ စီလိုင်စင်သည် တိုင်းလက်ရွေးစင်အသင်းတွင် ပါဝင် နည်းပြနိုင်ပြီး ရပ်ကွက်ကျေးရွာ ပွဲများ တွင်လည်း နည်းပြအဖြစ် လုပ်ဆောင် နိုင်သည်။

အေလိုင်စင်ရှိသူ နည်းပြတစ်ဦးဦး က ထောက်ခံပေးမှသာ စီလိုင်စင်ကို ရရှိမည်ဖြစ်ပြီး ယခင်ကမူ နိုင်ငံခြားသား နည်းပြတစ်ဦးဦးက ထောက်ခံပေးမှသာ စီလိုင်စင်ရရှိကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

နည်းပြလိုင်စင်တွင် အေ(A) မှ ဒီ(D) အထိရှိပြီး အေ(A) လိုင်စင်ရှိသူ သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် နည်းပြနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း စီလိုင်စင်ရရှိထားသူ ၂၉ ဦးရှိပြီး ယမန်နှစ်က မြိတ်တွင် ပြုလုပ်သည့် စီလိုင်စင်နည်းပြသင်တန်း အတွက်မူ အောင်စာရင်းမထွက်သေး ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး