တနင်္သာရီတိုင်း အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရေးအတွက် အစီအစဉ်

0
734

ယခုနှစ် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲတွင် အဆင့်လေး သာရရှိခဲ့သော တနင်္သာရီတိုင်းအသင်း လာမည့်နှစ်တွင် အောင်မြင်မူရရှိရေး တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီအသင်းသည် ကစားသမား အင်အား ၁၄ ဦးတည်းဖြင့် အကြို ဗိုလ်လုပွဲကို ဧရာဝတီအသင်းနှင့် ကစား ခဲ့ရပြီး ယင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင်လည်း မွန်ပြည် နယ်အသင်းကို ပင်နယ်တီဖြင့် အရှုံးပေး ခဲ့ရသဖြင့် အဆင့်လေးနေရာကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲကို ယမန်နှစ် ဒီဇင်ဘာ လကပြုလုပ်သည့် ကျောင်းသား အားကစားပွဲတော်တွင် ပထမရသည့် အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆင့် လေးရရှိလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းသည် တနင်္သာရီတိုင်း အမျိုး သမီး ဘောလုံးသမိုင်းတစ်လျှောက် အမြင့် ဆုံး အောင်မြင်မှုဖြစ်ကြောင်း ဦးစိုးမိုးနိုင် က ပြောသည်။

“အမျိုးသမီးက တစ်ခါမှ ဆီမီး ဖိုင်နယ်တက်ဖူးတယ်ဆိုတာ မရှိဘူး။ အားကာကလုပ်တဲ့ ပြိုင်ပွဲတွေသမိုင်းမှာတော့ အဆင့်လေးရတာသည် အမြင့်ဆုံး အောင်မြင်မှုတစ်ခုပဲ”ဟု ၎င်းက ဆိုသည်။

လာမည့်နှစ်တွင် တနင်္သာရီအမျိုး သမီးအသင်း အောင်မြင်မူရရှိရေးအတွက် ယခုအဆင့်လေးရရှိလာသည့် အမျိုးသမီး အသင်းကို အခြေခံကာ နောက်ထပ် အမျိုးသမီးဘောလုံးသမားများ ပေါ်ထွက် လာစေရေးအတွက် တနင်္သာရီတိုင်း မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ထည့် သွင်းကျင်းပမည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင် က ပြောသည်။

ယခင်က တိုင်းအတွင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲကို သုံးခရိုင်ပြိုင်ပွဲတစ်ခု သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အခြေခံကျောင်းများမှ အမျိုးသမီးအားကစားသမားပေါ်ထွက်လာစေရေး အတွက်လည်း တိုင်းအတွင်း ကျောင်းပေါင်းစုံပြိုင်ပွဲများ မဖြစ်မနေ ကျင်းပနိုင်ရန် တနင်္သာရီတိုင်း ပညာရေး မှူးနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ကျင်းပမည့် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲကို ဖြုတ်လိုက်ပြီး အသက် ၁၇ နှစ်အောက်နှင့် အသက် ၂၁ အောက်ပြိုင်ပွဲကိုသာ ကျင်းပတော့ မည်ဖြစ်သည်။

“လာမယ့်နှစ်လောက်ဆိုရင်တော့ ဒီအသင်း ခြေစွမ်းတက်လာတော့မှာပါ” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ကျော်သူစိုး