ကမ္ဘာ့လူချမ်းသာ အငြိမ်းစားတွေအတွက် ထိုင်းနိုင်ငံ

0
4211

ပင်လယ်ကမ်းရိုးတန်းမှာ ကိုယ်ရဲ့ နောက်ဆုံး အသက်အပိုင်းအခြားကို အနားယူကုန်ဆုံးချင်ပါသလား။ ဒါမှမဟုတ် တောင်ပတ်လည်ဝိုင်းနေတဲ့ နေရာကို ရွေးလိုပါသလား။ အဲလိုမှ မဟုတ်ဘူး ဆိုရင် မြို့ကြီးပြကြီးမှာမှ ဇိမ်ခံအနားယူ အပန်းဖြေလိုပါသလား။

ဒါမျိုးတွေအားလုံးအတွက် ထိုင်း နိုင်ငံက အသင့်ဖြစ်နေခဲ့တာ ကြာပါပြီ။ ထိုင်းနိုင်ငံဟာ အထူးသဖြင့် ဥရောပသားတွေ အငြိမ်းစားယူပြီးချိန် လာပြီးအနားယူတဲ့နေရာဖြစ်နေတာ ကြာပါပြီ။ ဒါဟာ ထိုင်း ခရီးသွားလုပ်ငန်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။

ကမ်းခြေဆိုရင် ထိုင်းနိုင်ငံတောင် ပိုင်းက ပင်လယ်ကမ်းရိုးတန်းက ကမ်းခြေတွေက အသင့်ပါ။ တောင်ပေါ်ဒေသနဲ့ ဝန်းကျင်ကို ရွေးချင်တယ်ဆိုရင်လည်း ထိုင်းမြောက်ပိုင်းက ချင်းမိုင်၊ ချင်းရိုင် လိုမျိုး နေရာတွေ ရှိပါတယ်။ ဒါမှမဟုတ် မြို့ကြီးပြကြီးမှာမှ နေချင်တယ်ဆိုရင်တော့ ဘန်ကောက်လိုမြို့ကြီးမှာ လူချမ်းသာတွေ အလိုကျ ဇိမ်ခံပစ္စည်းတွေနဲ့ နေနိုင်ပါတယ်။

ဒီလိုမျိုးနေရာကောင်းတွေ အပြင် ထိုင်းမှာ အငြိမ်းစားဘဝ ကုန်ဆုံးအနား ယူဖို့ အခြားအကြောင်းတွေ အများကြီး ရှိပါသေးတယ်။

အဲဒါတွေကတော့ နေထိုင်စရိတ် သက်သာတာ၊ ဒေသအစားအသောက် တွေ ကောင်းတာ၊ ဥရောပ အစားအစာ တွေလည်း ဖောဖောသီသီရနိုင်တာ၊ ဥရောပမှာလို ချမ်းချမ်းစီးစီး ရာသီ မဟုတ်ဘဲ နွေးနွေးထွေးထွေး ရာသီ အောက် နေအိမ်အပြင်ဘက်မှာ နေထိုင် သွားလာ အနားယူနိုင်တာ၊ ခရီးသွားလာ ရတာ အဆင်ပြေတာ (အမေရိကနဲ့ ဥရောပ မြို့ကြီးတော်တော်များများက ထိုင်းနဲ့ တိုက်ရိုက်လေကြောင်းလိုင်းရှိပါတယ်)။ အငြိမ်းစားတွေအတွက် ဗီဇာ ဆိုပြီး သပ်သပ်ထုတ်ပေးတာ၊ နိုင်ငံခြားသား သန်းဆယ်ချီနေထိုင်တာ စတာတွေ က အားသာချက်ဖြစ်ပါတယ်။

ဆိုတော့ ပုံမှန်ရတဲ့ ပင်စင်လေးနဲ့ သူတို့နိုင်ငံတွေမှာ ခက်ခက်ခဲခဲ နေထိုင် စားသောက်မယ့် အစား ထိုင်းနိုင်ငံလိုမျိုးမှာ ဇိမ်ရှိရှိနဲ့လာနှပ်နေနိုင်ပါတယ်။

ပြောသာပြောတာ ထိုင်းမှာ အငြိမ်းစား ဗီဇာနဲ့ အေးအေးသက်သက်သာသာ အနားယူချင်တယ်ဆိုရင်တော့ သိပ်တော့ မလွယ်လှပါဘူး။ အခြေခံအားဖြင့်တော့ ပိုက်ဆံ ရှိမှပါ။

ဗီဇာ မလျှောက်မီ လုံခြုံရေး အာမခံ ကြေး အနည်းဆုံး ဘတ်ရှစ်သိန်း (မြန်မာ ငွေ သိန်းလေးရာ) လောက်ပြနိုင်ဖို့ လိုသလို၊ လစဉ်ဝင်ငွေ ဘတ် ခြောက်သောင်းခွဲ (မြန်မာငွေ ၃၂ သိန်းကျော်) ရှိကြောင်း သက်သေပြနိုင်ဖို့ လိုပါမယ်။ နောက်ပြီး ရာဇဝတ်မှု ကင်းရှင်းကြောင်း အစစ်ခံနိုင်ဖို့ လိုပါမယ်။ အသက် ၅၀ နဲ့ အထက် ရှိဖို့ လိုပါမယ်။ နောက်ပြီး အလုပ်လုပ်ခွင့်မရှိပါဘူး။

ထိုင်းမှာ လာပြီး အငြိမ်းစားဘဝ ကုန်ဆုံးဖြုန်းတီးလိုသူတွေ များလာတာ နဲ့အမျှ အခုတော့ စည်းမျဉ်းတွေ နည်းနည်းတော့ တင်းကျပ်လာပါပြီ။ ကျန်းမာရေး အာမခံချက်ပါ လိုလာပါပြီ။

အထူးအာမခံကြေးဟာ တစ်လ ဘတ် တစ်သိန်း (ကျပ် သိန်း ငါးဆယ်) အထိရှိတော့ အချို့သော သက်ကြီး ရွယ်အိုတွေအတွက် ခက်ခဲလာပါပြီ။ အရင်က ထိုင်းမှာ ပေါ့ပေါ့ပါးပါးနေလာ ကြတဲ့ အငြိမ်းစား ဥရောပသားတွေ အတွက် စိန်ခေါ်မှုဆိုတာ စလာပါပြီ။

ဒါဟာ သာမန်အငြိမ်းစားတွေအတွက် မလွယ်တဲ့ ငွေကြေး အနေအထားပါ။ လူချမ်းသာတွေ အတွက်ဆိုရင်တော့ တစ်မျိုးပေါ့။

နောက်တစ်ခုကတော့ ထိုင်းဘတ် ငွေ ဈေးတက်လာတာပါ။ ဗြိတိန်နိုင်ငံသား လေယာဉ် အင်ဂျင် နီယာတစ်ဦးဖြစ်တဲ့ ဘရိန် ထိုင်းကို ပြောင်းလာတာ နှစ် ၂၀ ရှိပါပြီ။ သူ ၅၅ နှစ်အရွယ်က ပတ္တရားကို ပြောင်းလာတာပါ။ အဲဒီတုန်းက သူ့မှာ ရှိတဲ့ ငွေစ၊ ကြေးစလေးနဲ့ အိမ်တစ်လုံး၊ ပစ်ကပ် ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး အေးဆေး ဝယ်နိုင်တယ်။

သူ စတာလင်ပေါင်နဲ့ လစဉ်ရတဲ့ ငွေကြေးလေးနဲ့ ထိုင်းမှာ အေးအေး သက်သက်သာသာ နေထိုင်နိုင် ပါတယ်။

အဲဒီတုန်းက တစ်ပေါင်ကို ထိုင်းဘတ် ၆၀ လောက်ရခဲ့တာပါ။ အခုတော့ ထိုင်းဘတ် ၃၈ ဘတ်တောင် မပြည့်ချင် တော့ပါဘူး။ ဆိုတော့ နေရေး စားရေးထက် ပိုခက်လာတာက ဗီဇာရဖို့ပါ။ ထိုင်းဘတ်နဲ့ တွက်ရင် သူ ပေါင်နဲ့ ရတဲ့ အငြိမ်းစားလစာက နည်းလာတော့ ဗီဇာခွင့်ပြုချက် ရဖို့ ခက်လာပါပြီ။

“အရင်ကတော့ ဒီနေရာဟာ ဈေး သက်သာပါတယ်။ ဒါပေမဲ့ အခုတော့ လုံးဝ မဟုတ်တော့ပါဘူး” ဟု ဘရိန်က ဆိုပါတယ်။

ထိုင်းမှာ ပြီးခဲ့တဲ့ လေးငါးနှစ် ကတည်းက အငြိမ်းစားဗီဇာနဲ့ နေတဲ့သူ မြင့်လာပါတယ်။ ၂၀၁၈ ခုနှစ်မှာ အငြိမ်းစားဗီဇာ ရှစ်သောင်းထုတ်ပေးခဲ့ ပါတယ်။ ဒါဟာ ၂၀၁၄ တုန်းကနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း တက်လာတာပါ။

ထိုင်းအစိုးရရဲ့ စာရင်းအရ ဗြိတိန်သားတွေက အများဆုံး ဖြစ်ပါတယ်။

ထိုင်းဘတ်ငွေဈေးမာလာတာနဲ့ အမျှ ထိုင်းမှာ ဆက်နေဖို့ မသင့်တော်လို့ အချို့ကတော့ ထွက်သွားရန် ပြင်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ဖို့တော့ မဟုတ်။ သူတို့အတွက် အဆင်ပြေတဲ့ နောက်ထပ် အရှေ့တောင်အာရှ နိုင်ငံတစ် နိုင်ငံသို့ ပြောင်းရန် ဖြစ်ပါတယ်။

အဲဒီလိုပြောင်းလိုသူများကို ကူညီ ပေးနေသူတွေအနက် ပတ္တရားအခြေစိုက် ဒိန်းမတ်နိုင်ငံသား နီးရယ်လည်း ပါပါတယ်။ ပတ္တရားမှာ အဖွဲ့တစ်ခု ဖွဲ့ကာ လူရာပေါင်းများစွာကို ကူညီပေးဖို့ ပြင်နေတာပါ။

“ဒီနေရာ (ထိုင်း) ကနေ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင် ကို ပြောင်းဖို့ လူပေါင်းများစွာ ရှိပါတယ်။ လူထောင် ချီနဲ့ စကားပြောနေပါတယ်” ဟု ၎င်းက ဆိုပါတယ်။

အချို့ကလည်း ထိုင်းသို့ ခရီးသွား အဝင်နည်းချိန်၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှ ခရီးသွား အဝင်နည်းလာချိန်မှာ အငြိမ်းစား နိုင်ငံခြားသားများရဲ့ နေထိုင် ခွင့်ပါမစ်ကို ပိုမိုဖြေလျော့ပေးဖို့ မျှော်လင့် နေပါတယ်။

အမေရိကန်ပြည်ထောင်စု ရေတပ် စစ်ပြန်ကြီး ဂယ်ရီကတော့ ပထမအကြိမ် ပတ္တရားကို လာလည်ပြီးနောက် ထပ်လာပြီး အပြီးနေထိုင်နေသည်မှာ ကြာပြီဖြစ်ပါ တယ်။ မိသားစုနဲ့လည်း သိပ်မတွေ့ ဖြစ်တော့သည့် နောက်ပိုင်း တစ်ကိုယ်တည်း ဖြစ်လာပြီး ပတ္တရားမှာပဲ အခြေချ နေပြီ ဖြစ်ပါတယ်။

ယခုတော့ အသက်ကလည်း ၈၃ နှစ်ရှိလာပြီ။ ဗီဇာအသစ်လည်း လိုလာပြီ။ သူ့ပင်စင်ဝင်ငွေအခြေအနေနဲ့ ဘတ်ငွေ ဈေးအပြောင်းအလဲက ဗီဇာသက်တမ်း တိုးဖို့ ခက်လာပါပြီ။

အမေရိကန် အိမ်ပြန်ဖို့ကလည်း မလွယ်။ ထိုင်းတွင် နှစ်ပေါင်း ၃၀ ကျော် နေလာပြီးနောက် အမေရိကန်ပြည်က စနစ်မှာနေဖို့ ထိုင်ဖို့ကလည်း အံမဝင်တော့ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားဖြစ်နေပါတယ်။

“အခြားနေရာကို ပြောင်းပြီး သွားနေ ဖို့ကလည်း အရမ်းကို အိုနေပြီ။ ကြောက် လည်း ကြောက်နေပြီ”လို့ သူက ဆိုပါ တယ်။

အဲလိုမျိုး ပြဿနာတွေ ရှိနေပေမဲ့ ထိုင်းကတော့ လေသံမပြောင်းသေး ပါဘူး။ ကမ္ဘာပေါ်က အငြိမ်းစားတွေ၊ ငွေရှိ ကြေးရှိတဲ့ သက်ကြီးရွယ်အိုတွေ သိက္ခာရှိရှိ၊ ဇိမ်ကျကျနဲ့ နေထိုင်နိုင်တဲ့ နေရာဖြစ်ကြောင်း၊ ကျန်းမာရေး စနစ်ကောင်း ကောင်း၊ ဈေးချိုချိုနဲ့ နေနိုင်တဲ့နေရာဖြစ်ကြောင်း ကြော်ငြာ ဆွဲဆောင်နေတုန်းပါပဲ။

Ref :
https://www.investopedia.com/articles/personal-finance/041615/top-7-cities-retiring-thailand.asp
https://finance.yahoo.com/news/7-reasons-retire-thailand-194400801.html
https://asia.nikkei.com/Economy/Thailand-s-foreign-retirees-see-their-good-life-slip-away
https://www.bangkokpost.com/business/1764889/surging-baht-shatters-expat-dreams-of-easy-retirement
https://smartasset.com/retirement/how-to-retire-in-thailand