ထားဝယ်တွင် ကမ္ဘောဇဘဏ်နာမည် အသုံးပြုကာ ငွေလိမ်လည်မှု ဖြစ်ပွား

0
2891

ထားဝယ်မြို့တွင် ကမ္ဘောဇဘဏ် ဝန်ထမ်းကဲ့သို့ အယောင်ဆောင်ပြီး KBZ Pay၊ ငွေစုစာအုပ်တို့ရှိ ငွေကြေး များကို လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ငွေလိမ်ခံခဲ့ရသူအချို့ထံမှ သိရ သည်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်နေ အွန်လိုင်းဈေးရောင်းသူတစ်ဦး ဖြစ်သည့် မဇာဇာနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင် ရှင်တို့ အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ နှစ်ဦးထံမှ သိရသည်။

မဇာဇာတွင် အွန်လိုင်းဈေးရောင်းရာ၌ ငွေပေးချေရန်အတွက် ကမ္ဘောဇ ဘဏ် ငွေစုစာအုပ်တွင် ထည့်သွင်းထား သည့် ငွေကျပ် သုံးသိန်းနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တွင် မူ ဖုန်းငွေဖြည့်ရန်အတွက် KBZ Pay တွင် ထည့်သွင်းထားသော ငွေကျပ် တစ်သောင်း အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မဇာဇာတွင် KBZ Pay နှင့် ငွေစု စာအုပ်ကို ပူးတွဲသုံးစွဲခြင်းကြောင့် ငွေစု စာအုပ်ထဲရှိ ငွေများကို ငွေလိမ်သူက ထုတ်ယူသွား နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။

“ငွေလိမ်ခံရမှန်းသိလို့ ကမ္ဘောဇဘဏ်(ထားဝယ်ဘဏ်ခွဲ ၁) ကို သွားပြော ပြတော့ ဘဏ်က ဒီလိုအလိမ်ခံနေရတာ ထားဝယ်မြို့မှာ သုံးဦးလောက်ရှိတယ်လို့ ပြောတယ်” ဟု မဇာဇာက ဆိုသည်။

ငွေလိမ်မည့်သူသည် ၎င်းပစ်မှတ်ထား လိမ်လည်မည့်သူ သုံးစွဲသည့် KBZ Pay အကောင့်နာမည်၊ ဂဏန်း ခြောက်လုံးပါ ကုတ်နံပါတ်အပါအဝင် အခြား အချက်အလက်များကို ကမ္ဘောဇဘဏ် ဝန်ထမ်းအယောင်ဆောင်၊ အယုံသွင်းကာ တောင်းယူ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦးထံမှ သိရသည်။

ထားဝယ်မြို့ရှိ ကမ္ဘောဇဘဏ် ထံမှ ရရှိသည့်အချက်အလက်များအရ ငွေလိမ်သူသည် ဝေကြီးမောင် ဆိုသည့် နာမည်ဖြင့် KBZ Pay အကောင့်ဖွင့်ထား သူဖြစ်ပြီးယင်းအကောင့်မှတစ်ဆင့် အခြား အကောင့်တစ်ခုကို ငွေလွှဲထား သည်ကိုလည်း သိရှိခဲ့ရကြောင်း ငွေလိမ် ခံရသူ နှစ်ဦးက ပြောသည်။

ယင်းအပြင် ငွေလိမ်ခံသူနှစ်ဦးတို့ ထံ အချက်အလက်များ ဖုန်းဆက်မေး မြန်းသည့် ဖုန်းနံပါတ်မှာ တစ်လုံးတည်း ဖြစ်နေသည်။

ငွေလိမ်လည်မှုကိစ္စအတွက် ကမ္ဘောဇ ဘဏ်(ထားဝယ် ဘဏ်ခွဲ ၁) မန်နေဂျာ ကို ဖေဖော်ဝါရီလ ၅ ရက်က သွားရောက် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဖြေကြားခွင့်မရှိဘဲ ရုံးချုပ်သို့ ဆက်သွယ် မေးမြန်းရမည့် ဖုန်းနံပါတ်ပို့ပေးမည်ဟု ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်အထိ အကြောင်းပြန်ကြားလာခြင်း မရှိခဲ့ပေ။

ကမ္ဘောဇဘဏ်က ပေးပို့သည့် ဂဏန်းခြောက်လုံးပါ KBZ Pay ကုတ်နံပါတ်ကို ပေးပို့သည့်အခါတိုင်း ငွေကြေး လိမ်လည်မှုများ မဖြစ်ပွားစေရန်အတွက် ယင်းကုတ်နံပါတ်အား အခြားသူများကို မပေးရန်တားမြစ်သည့် သတိပေးစာကို တစ်ပါတည်း ပူးတွဲပေးပို့လေ့ ရှိသည်။

ယင်းကဲ့သို့ ငွေလိမ်လည်မှုကိစ္စအား ရဲစခန်းတွင် တိုင်ကြားထားခြင်းမရှိ ကြောင်း ၎င်းတို့က ပြောသည်။

“ကျွန်မတို့ အလိမ်ခံရသလိုမျိုး အခြားသူတွေပါထပ်ပြီး အလိမ်မခံရစေ ချင်ဘူး။ အဲဒါကြောင့် ဒီလိုလိမ်တဲ့သူ တွေ ရှိတယ်ဆိုတာကို အခြားသူတွေကိုပါ သိစေချင်တယ်” ဟု မဇာဇာက ဆိုသည်။

ကျော်သူစိုး