မည်သို့သော အဖြေထွက်ရေးနည်း

361
editorial
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိများအနက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ဆွေးနွေးပွဲကြီး ပြီးစီးသဖြင့် ခေတ္တရပ်နားထားပြီ ဖြစ်သည်။ ဆွေးနွေးမှုများ ပြီးနောက် များမကြာမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ပုဒ်မအလိုက် မဲခွဲဆုံးဖြတ်တော့မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ရာချီက နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ခန့်မှန်းချက်အရ မြန်မာ့ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံများ ဖြစ်တည်လာရေး အဓိကပုဒ်မများ သဘောတူ ပြောင်းလဲနိုင်ဖွယ် မရှိပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ပြီး ပုဒ်မများ တံခါးပိတ် ညှိနှိုင်းပြင်ဆင်စဉ်ကပင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ပြီး ဖြစ်သည်။ ကော်မတီပါ အချို့ပါတီကိုယ်စားလှယ်များ နုတ်ထွက်ခြင်း၊ တပ်မတော်သား အစုအဖွဲ့များက အစည်းအဝေးခန်းအတွင်းမှ ထွက်ခွာသွားခြင်းတို့ ရှိခဲ့သည်။ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မများ ပြင်ဆင်ရေး များစွာမျှော်လင့်ချက် မရှိလှကြောင်း အဖြေတစ်စုံတစ်ရာထွက်ပြီး ဖြစ်သည်။

အမှန်တကယ်ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်စင်မြင့်ပေါ်တွင် ဖေဖော်ဝါရီ နောက်ဆုံးအပတ်နှင့် မတ်လ ပထမပတ် အတွင်း အများပြည်သူသိ ဆွေးနွေးမှုများမှာ အာဏာရပါတီအုပ်စုနှင့် အခြားပါတီ အုပ်စုများ၊ တပ်မတော်သားအုပ်စုများ တစ်အုပ်စုနှင့် တစ်အုပ်စု လက်ညှိုးထိုး အပြစ်တင်ခြင်း၊ စကားအားဖြင့် အနိုင်ယူရန် ကြိုးပမ်းခြင်း၊ မည်သည့် အုပ်စုက မှားနေပြီး မည်သည့် အုပ်စုက မှန်နေကြောင်း ငြင်းခုံသက်သေထူခြင်း၊ ယခုဖြစ်ပျက်နေသော ကိစ္စရပ်များအတွက် ဆန့်ကျင်ဘက် အုပ်စု၏ တာဝန်ရှိကြောင်း ပုံချခြင်းတို့ဖြင့် များစွာအချိန်ယူသွားသည်။

များစွာသော ဒီမိုကရေစီနိုင်ငံများ၏ “နိုင်ငံရေး”တွင် အထက်ပါကဲ့သို့သော Political Blame Game (အပြစ်ဖို့ နိုင်ငံရေးကစားခြင်း) ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ Political Blame Game ၏ သဘောသဘာဝမှာ အရေးကြီးသော အဖြေရလဒ်တစ်ခု ထွက်သွားရန်ထက် တစ်ဖက်ဖက်ကို အားနည်းသွားအောင်၊ တစ်ဖက်ဖက်/အုပ်စု တစ်ခုခု အပြစ်ရှိကြောင်း ပေါ်သွားရန်သာ ဖြစ်သည်။

သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် မြန်မာနိုင်ငံအတွက် နိုင်ငံရေးကစားသည့် ကိစ္စသက်သက်မဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်အတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံအုတ်မြစ်တည်ဆောက်ရေး ဖြစ်သည်။

နိုင်ငံတည်ဆောက်ရေးတွင် “နိုင်ငံရေး” လွန်ကဲသွားပါက တိုင်းပြည်အတွက် အဖြေမထွက်ဘဲ အုပ်စုတစ်ခုနှင့် တစ်ခု တိုက်ခိုက်ရေး ရန်ငါစည်းသာ ဖြစ်သွားတတ်သည်။ အုပ်စုများအကြား ပိုဝေးသွားတတ်သည်။

ကမ္ဘာတစ်ဝန်းရှိ အရေးကြီးသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် တရားဝင်လူသိရှင်ကြား မဆွေးနွေးမီ အလွတ်သဘော ညှိနှိုင်း သဘောတူညီရယူခြင်းသည် များစွာအခရာကျသော လုပ်ငန်းစဉ်အဖြစ် ယုံကြည်ထားကြပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်စင်မြင့်ပေါ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံအတွက် အရေးကြီးသော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် အကျေအလည် ညှိနှိုင်းဆွေးနွေးသဘောတူညီနိုင်ခြင်း မရှိခဲ့သည်မှာ ထင်ရှားသည်။ ဆိုလိုသည်မှာ အရေးကြီးသော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရယူနိုင်ခြင်းမရှိဘဲ အများပြည်သူစောင့်ကြည့်နေသည့် လွှတ်တော် စင်မြင့်ပေါ်သို့ “တန်း” ခေါ်လာခဲ့သည်။

အကျဉ်းချုပ် ဆိုရသော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးပုဒ်မများ ပြင်ဆင်နိုင်ရေး အလွတ်သဘောကြိုတင်ညှိနှိုင်း နိုင်ခြင်း မရှိဘဲ၊ အရေးကြီးပုဒ်မများ ပြင်ဆင်ရေး ဖြစ်နိုင်ဖွယ်မရှိဘဲ လွှတ်တော်ပေါ် အများသိ ဆွေးနွေးလာသည်။

ရလဒ်မှာ အများသိသည့် အတိုင်း အုပ်စုများအချင်းချင်း ပိုကွဲ၊ ပိုဝေးသွားစေပြီး မြန်မာပြည်သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သော အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ ပိုမိုမှုန်ဝါးလာပြီဟုပင် ကောက်ချက်ဆွဲလိုက ဆွဲနိုင်သည်။

ထိုကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လတ်တလော ဆွေးနွေးမှုများမှာ မည်သို့သော အဖြေထွက်ရေးနည်းဟု မေးခွန်းထုတ်လိုလှသည်။

အယ်ဒီတာ (မတ် ၆၊ ၂၀၂၀)