ဆလုံများအတွက် ကျပ်သိန်းတစ်ထောင် ထောက်ပံ့မည်

0
695

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုးများအတွက် ယခုနှစ်တွင် ကျပ် သိန်းတစ်ထောင် ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောလုကာက ပြောကြားသည်။

ယင်း ကျပ်သိန်းတစ်ထောင်ကို ဆလုံတို့၏ စားဝတ်နေရေးနှင့် စီးပွားရေး အတွက်အပြင် ပညာရေး ကျန်းမာရေး အတွက်ပါ ခွဲဝေသုံးစွဲနိုင်ရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ စီစဉ်ဆောင်ရွက် နေကြောင်း စောလုကာက ပြောသည်။

ဆလုံတိုင်းရင်းသားများ နေထိုင် လုပ်ကိုင်စားသောက်သော နေရာများ တွင် ပြည်ထောင်စု အစိုးရက ပုလဲ မွေးမြူရေး လုပ်ကွက်များ ချထားပေး ခြင်းကြောင့် ဆလုံများ လုပ်ကိုင်စား သောက်ရန် နေရာ ပျောက်နေပြီး လူမျိုး တုန်းလုနီးဖြစ်နေချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုသို့စီစဉ် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယမန်နှစ်ကလည်း ဆလုံတို့အား လှေနှင့် ဆန် သိန်းတစ်ထောင်ဖိုး ထောက်ပံ့ခဲ့သည်။

လက်ရှိတွင် ဆလုံတို့ မည်သည့် အထောက်အပံ့များ လိုအပ်သည်ကို ဆလုံရွာများထံ မေးမြန်းထားကြောင်း ကော်မတီအတွင်းရေးမှူးက မတ်လ ၆ ရက်တွင် ပြောသည်။

ကော့သောင်းမြို့နယ်ရှိ မကြုံ ကလက် ဆလုံရွာဘက်တွင်မူ ထိုသို့ မေးမြန်းထားသည်မျိုး မကြားရသေး ကြောင်း ဆလုံအရေးကူညီဆောင်ရွက် ပေးနေသူ မကြုံကလက်ရွာနေ ဦးခင် မောင်ထွေးက မတ်လ ၇ ရက်တွင် ပြောသည်။

ဆလုံများအတွက် ထောက်ပံ့မည် ဆိုပါက ကျန်းမာရေးကိစ္စကို အဓိကထား ထောက်ပံ့စေလိုကြောင်း ဦးခင်မောင်ထွေး က ပြောကြားသည်။

“ဆလုံရွာတွေမှာ တချို့ရွာတွေက သားဖွားဆရာမတောင် မရှိတဲ့ရွာတွေက အများကြီး ရှိသေးတယ်။ နောက်ဆုံး ကျန်းမာရေးမှူးတွေ မထားနိုင်သည့် တိုင်အောင်မှ သားဖွားဆရာမလေးတွေနဲ့ ဆလုံတို့အတွက် ဆေးဝါးလေးတွေ ထားစေချင်တယ်။ တချို့ ကျွန်တော်တို့ ဆီမှာက ကျန်းမာရေးဆရာမတော့ ရှိတယ်၊ ဆေးဝါးထောက်ပံ့မှု မရှိဘူးလား မသိ ဘူး” ဟု ဦးခင်မောင်ထွေးက ပြောသည်။

“ဒီမှာ ဆေးခတွေက အရမ်း ဈေးကြီးတယ်။ တစ်ယောက်ယောက် တစ်ခုခုဖြစ်လို့ ဆေးထိုးရင် ၇ ထောင်၊ တစ်သောင်း အဲလိုမျိုးတွေ ယူကြတာ”

Dawei Watch