စောမိညိုလယ်ကွင်းရှိ အိမ်များပြန်ဖျက်ရန် ရက်သုံးဆယ်အချိန်ထပ်ပေး၊ မဖျက်က တရားစွဲခံရမည်

0
1216

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် အပိုင်ရှိ စောမိညိုလယ်ကွင်းတွင် ဆောက်လုပ်ထားသည့် အိမ်များကို ပြန်ဖျက်ရန် ရက်ပေါင်းသုံးဆယ်အချိန် ပေးထားပြီး သတ်မှတ်ချိန်ကျော်ပါက တရားစွဲမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

အဆိုပါနေရာတွင် အခြားနည်း အသုံးပြုခွင့်မရှိဘဲ မြေဖို့ထားခြင်းနှင့် လူနေအိမ်ဆောက်လုပ်ထားသူ ၄၈ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စာထုတ် သတိပေးထားခြင်းဖြစ်သည်။

စာထုတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြန်ဖျက်ရန်နှင့် သတ်မှတ်ချိန် အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်/စီ အဖွဲ့ အစည်းအဝေးသို့ တင်ပြကာ လယ်ယာမြေဥပဒေအရ တရားစွဲဆို တော့မည်ဖြစ်ကြောင်း မြို့နယ်လယ်/စီ အတွင်းရေးမှူးက ပြောသည်။

အဆိုပါ လယ်မြေပေါ်တွင် မြေဖို့ ထားသူ၊ အိမ်ဆောက်နေထိုင်သူများကို ၁၅ ရက်အတွင်း ပြန်ဖျက်ရန် ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားခဲ့ပြီးဖြစ်နောက် ယင်းကဲ့သို့ အချိန်တစ်လထပ်မံ သတ်မှတ် လိုက်ခြင်းဖြစ်သည်။

တရားစွဲဆိုရာတွင် လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် ပုံစံ ၇ အမည်ပေါက် ပိုင်ဆိုင်သူကို အဓိကထားစွဲဆိုမည် ဖြစ်ပြီး အိမ်ဆောက်နေထိုင်သူများကို လည်း စွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က တရားစွဲရင် သူ့ကိုတည်ထားပြီးစွဲမှာ” ဟု မြို့နယ် လယ်စီ အတွင်းရေးမှူးက ပြောသည်။

ရပ်ကွက်အတွင်းတွင် မြေကွက် ဝယ်ယူပြီး အိမ်ဆောက်နေထိုင်ရန် မတတ်နိုင်သည့်အတွက် လယ်မြေကို ဝယ်ယူကာ အိမ်ဆောက်နေထိုင်ကြရသည့် အတွက် အိမ်မဖျက်ရရေး အသနားခံ တင်ပြသွားမည်ဟု အဆိုပါနေရာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆို သည်။

လက်ရှိတွင် ထားဝယ်ဒေသတွင်း၌ လယ်ယာမြေ (ဥယျာဉ်ခြံမြေနှင့် လယ်) ပေါ်တွင် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်း၊ အိမ်ဆောက်ခြင်းများကို ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်နေကြသည်။

ထိုသို့ အခြားနည်းအသုံးပြုခွင့် မရှိဘဲ လုပ်ဆောင်နေကြသည့်အပေါ် အရေးယူမှုမရှိဘဲ အထက်ပါနေရာတစ်ခု တည်းတွင်သာ ဖယ်ရှားခိုင်းသည်ဟုဆို ကာ ပြောဆိုဝေဖန်မှုများလည်း ရှိသည်။

ထားဝယ်မြို့နယ် လယ်စီအဖွဲ့ အတွင်းရေးမှူးကမူ မြို့နယ်ဧရိယာ အတွင်း အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ မြေကွက်ရိုက်ခြင်းနှင့် အခြား နည်းသုံးစွဲသူများကို တရားစွဲဆိုခြင်း၊ တားမြစ်ခြင်းများ လုပ်ဆောင်နေသည်ဟု ပြောသည်။

၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေပေါ် အခြားနည်းအသုံးပြုထားသည့်အတွက် တရားစွဲဆိုထားသူ ၄ ဦး၊ တရားစွဲရန် စီစဉ်နေသူ ၅ ဦးနှင့် တားမြစ်စာထုတ်ခံရသူ ၆၀ ကျော်ရှိကြောင်း မြို့နယ်လယ်စီအဖွဲ့ ထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ မြေဖို့ခြင်း၊ မြေအကွက်ရိုက်ခြင်းနှင့် အိမ်ဆောက်ခြင်းများကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း မတ်လ ၆ ရက်တွင် ထုတ်ပြန် ထားသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ- ၂၀ အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြု ပါက အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ငွေကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၅ သိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

Dawei Watch