ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်က ဘိုးဘွားပိုင်မြေ တိုက်ပွဲ

0
3750

“ဒီမြေက ကျွန်တော်တို့မြေ၊ ကျွန်တော် တို့ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်း က လုပ်စားလာတဲ့မြေပါ”ဟု စောတာဝါး လက်ညှိုးထိုးပြနေသည့် နေရာက သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခု မျဉ်းပြိုင် ဖြတ် သန်းသွားသော ဥယျာဉ်ခြံ တစ်နေရာ။

ထိုဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုမှာ တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ကနေ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကျေးရွာများ ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်နေသော ဇောတိက သဘာဝဓာတ်ငွေ့ပိုင်လိုင်းနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုပင် ဖြစ်သည်။
ယင်းဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း သည့် နေရာများအနက် စောတာဝါး မိသားစု အပါအဝင် ကရင်တိုင်းရင်းသား များ နေထိုင်သော အိန္ဒရာဇာကျေးရွာအုပ်စု ရှင်ပျံကျေးရွာအနီရှိ စောတာဝါးဘိုးဘွား ပိုင် ဥယျာဉ်ခြံမြေတစ်ခုလည်း အပါအဝင် ဖြစ်သည်။

ယင်းကဲ့သို့ ဓာတ်ငွေ့ပိုင်လိုင်းဖြတ် သန်းလာမှုနှင့်အတူ မြေယာပိုင်ဆိုင်ခြင်း အငြင်းပွားမှုသည်လည်း စောတာဝါးတို့ မိသားစုထဲသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက် လာခဲ့တော့သည်။

ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ခံရသည့် ဥယျာဉ်ခြံလုပ်ကိုင်သူက လျော်ကြေးရ မည်ဖြစ်သည့်အတွက် ထိုလျော်ကြေးကို မျှော်ကိုးကာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း မည့် ဥယျာဉ်ခြံမြေကို သူပိုင်သည်၊ ငါဆိုင်သည်ဟု အငြင်းပွားလာကြသည်။

စောတာဝါးသည် ဘိုးဘွားပိုင်မြေ ဖြစ်သော ၁၂ ဧကအကျယ်ရှိသည့် ဥယျာဉ် ခြံကို ၁၉၉၀ ခုကတည်းက ရော်ဘာပင်နှင့် သီဟိုပင်များ စိုက်ပျိုးလုပ်ကိုင် လာခဲ့သူ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ လုပ်ကိုင်စားသောက်လာခဲ့ ရာ ရဲတံခွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မလာခင်အထိ မည်သည့် မြေယာပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။

“ပိုက်လိုင်းစီမံကိန်း မလာခင်တုန်း က ဘာပြဿနာမှ မရှိဘူး။ အားလုံး အေးအေးဆေးဆေးပဲ” ဟု စောတာဝါးက ဆိုသည်။

ရဲတံခွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမည့် ဥယျာဉ်ခြံမြေ များအတွင်း စိုက်ပျိုးထားသော အပင်များ အတွက် သီးနှံလျော်ကြေး ပေးမည်ဟု ၂၀၁၂ ခုနှစ် တွင် ဆိုလာသောအခါ စောတာဝါး လုပ်ကိုင်နေသည့် မြေနေရာကို အခြား ပိုင်ဆိုင်သူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ သည်။

ထိုသူက စောတာဝါးဥယျာဉ်ခြံနှင့် ကပ်လျက်ရှိနေသော အခြာသူတစ်ဦး ပိုင်ဆိုင်သည့် ဥယျာဉ်ခြံကို ဝယ်ယူ ထားသူတစ်ဦး ဖြစ်သည်။

လျော်ကြေးပေးမည့် ကုမ္ပဏီက သုံးဦး၊ သုံးဘက် ပြေလည်မူရစေရန်အတွက် စောတာဝါးအား လျော်ကြေးပေးသည့် နှုန်းအတိုင်း နောက်ထပ်ပေါ်လာသူ တစ်ဦးကိုပါ လျော်ကြေး ထပ်ပေးမည်ဖြစ် ကြောင်း နာလည်မှုနှင့် လာရောက်ညှိနှိုင်း ခဲ့သောကြောင့် စောတာဝါးကလည်း သဘောရိုးဖြင့် လက်ခံပေးခဲ့သည်။

ယင်းသို့ သဘောရိုးဖြင့် လက်ခံပေး ခဲ့သော ကိစ္စသည် နောင်တစ်ချိန်မှာ တရားရုံးတွင် ပိုက်နက်ကျူးလွန်မူဖြင့် တရားစွဲ ခံရလိမ့်မည်ဟု စောတာဝါး လုံးဝ မထင်ထားခဲ့ပေ။

“အဲချိန်တုန်းကတော့ ရိုးရိုးသားသား ပါပဲ။ ကိုယ့်အပင်တွေမှ ထိခိုက်မှု မရှိဘဲ လေ။ ပေးလိုက်ပါပေါ့လေ။ အဲဒါနဲ့ ကျွန်တော် ပိုင်နက်ထဲက အပင်တွေ အတွက် လျော်ကြေးငွေ နှစ်ယောက်စလုံး ရသွားတယ်” ဟု စောတာဝါးက ဆိုသည်။

၂၀၁၃ ခုနှစ်အရောက်တွင် ရဲတံခွန် ပိုက်လိုင်းတစ်လျှောက်နှင့် ဇောတိကပိုက် လိုင်းတစ်လျှောက် နှစ်ခုအကြားရှိ သီးနှံ ပင်များကိုပါ လျော်ကြေးပေးမည်ဟု ဆိုသောအခါ ပြဿနာက ပိုကြီးလာခဲ့ တော့သည်။

ယင်းအတွက် စောတာဝါးက လျော်ကြေးငွေ သိန်းရှစ်ဆယ်ရမည် ဖြစ် သည်။

ထိုအခါက စောတာဝါးနှင့် ခြံနီးချင်း ဖြစ်သူ ယခင် လျော်ကြေးငွေရခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးက အဆိုပါမြေကို သူမလည်း ပိုင်ဆိုင်သည်ဟုဆိုကာ စောတာဝါးထံ လျော်ကြေးငွေတစ်ဝက် ပေးရန် လာရောက် တောင်းဆိုခဲ့သည်။ ထိုတစ်ကြိမ်တွင်တော့ စောတာဝါးက လက်မခံတော့ပေ။

“အဒေါ် ဒီမြေက အဒေါ့် မြေလည်း မဟုတ်၊ အဒေါ့်ခြံလဲမဟုတ် ကျွန်တော် (လျော်ကြေးတစ်ဝက်) မပေးနိုင်ဘူး” ဟု စောတာဝါးက ငြင်းဆိုခဲ့သည်။

ထိုသို့လျော်ကြေးငွေ တစ်ဝက်ကို စောတာဝါးက မခွဲပေးသဖြင့် အဆိုပါ အမျိုးသမီးက စောတာဝါးအား ရေဖြူမြို့နယ် တရားရုံးတွင် ၂၀၁၃ ခုနှစ် မတ်လ တရားစွဲဆိုတော့သည်။

တရားစွဲဆိုသည့် အကြောင်းရင်း မှာ စောတာဝါး လုပ်ကိုင်နေသော ဥယျာဉ် ခြံမြေသည် သူမဝယ်ယူထားသည့် မြေ ဖြစ်ကြောင်းနှင့် စောတာဝါးက အဆိုပါ ဥယျာဉ်ခြံမြေအတွင်းရှိ သစ်ပင်များကို ခုတ်လှဲခဲ့သည်ဟုဆိုကာ ပိုင်နက်ကျူး လွန်မှုဖြင့် တရားစွဲခြင်း ဖြစ်သည်။

“ဒီခြံ ဘယ်သူက လုပ်နေတာလဲ၊ ဘယ်အချိန်က စလုပ်နေတာလဲ။ တစ်ရွာ လုံးကို မေးကြည့်။ ကိုယ့်ခြံမှာ ကိုယ်အလုပ် လုပ်တာ ပိုင်နယ်ကျူးလွန်မူနဲ့ တရားစွဲခံရတာ”ဟု စောတာဝါးက ဆိုသည်။

ထိုအချိန်ကစပြီး မိသားစု စားဝတ် နေရေးကိစ္စ၊ လူမှုရေးကိစ္စအဝ၀ကို မလုပ် နိုင်တော့ဘဲ တရားရုံးတွင် အမှုရင်ဆိုင်ဖို့ စီစဉ်ရတော့ သည်။

ရေဖြူမြို့နယ် တရားရုံးက အမှုစစ် သည်ကို စောတာဝါး သဘောမကျ။ ထိုကြောင့် ရုံးပြောင်းစစ်ဆေးရန် ထားဝယ် ခရိုင် တရားရုံးကို သူလျှောက်ထားသည်။ နောက်ဆုံးတွင် သူ့အမှုအား ထားဝယ်မြို့ နယ်တရားရုံးကို ပြောင်းလဲ စစ်ဆေးခဲ့ သည်။

ထိုကြောင့် အမှုနှင့်ပတ်သက်ပြီး လျှောက်လဲချက်ပေးရန် မိုင် ၆၀ ကျော်ဝေး သည့် ထားဝယ်မြို့ကို စောတာဝါး တစ်ပတ်တစ်ကြိမ် မပျက်မကွက် လာရောက်ခဲ့ရသည်။ ထိုသို့လာရောက်ရာ တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ထားဝယ်- ကလိန်အောင် နှစ်ပိုင်းပြတ် သည်ကိုလဲ သူရင်ဆိုင်ခဲ့ရဖူးသည်။

“ကိုယ့်အလုပ်ကို စိတ်အေးအေးနဲ့ကို မလုပ်ရဘူး။ ငါ့မှာ ဒီလိုမျိုး တရားစွဲခံရ တာ။ မဟုတ်မမှန်ဘဲနဲ့ ခံစားနေရတယ်။ ညအိပ်တယ်ဆိုရင် တွေးတယ်။ ဘယ်အချိန် ငါ့ကို ရုံးခေါ်ပြီးစစ်မလဲဆိုတာကိုပဲ နား ထောင်နေရတယ်” ဟု စောတာဝါးက ဆို သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အရောက် တွင် ကံမကောင်း အကြောင်းမလှစွာ စေတာဝါး အမှုရှုံးသွားခဲ့ပြီး ဒဏ်ငွေငါးရာ ကျပ် ပေးဆောင်ရန် သို့မဟုတ် ထောင် ဒဏ် ၁၅ ရက်ကျခံရန် ထားဝယ်မြို့နယ် ရုံးက အမိန့်ချမှတ်ခဲ့သည်။

ယင်းသို့အမှုရှုံးနိမ့်ရခြင်း၏ အကြောင်း အရင်းများအနက် အဓိကကျသည့် အကြောင်းအရင်းတစ်ခုမှာ ရဲတံခွန်ပိုက် လိုင်း ဖြတ်သန်းမည့်မြေအတွက် ပထမ အကြိမ် လျော်ကြေးပေးစဉ်က တရားလို ဖြစ်သူကပါ လျော်ကြေးရရှိခဲ့ခြင်း အကြောင်းတစ်ခု ပါဝင်ကြောင်း စောတာဝါး က ပြောသည်။

တရားလိုက တရားရုံးတွင် ထွက်ဆို သောအခါ စောတာဝါးလုပ်ကိုင်နေသော ဥယျာဉ်ခြံသည် သူမဝယ်ယူ ပိုင်ဆိုင်ထား သော ကြောင့်သာ ပိုက်လိုင်းစီမံကိန်းက ပေးသော လျော်ကြေးကို ရရှိခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

အမှန်မှာ ထိုလျော်ကြေးကို တရားလို ရရှိခဲ့ခြင်းမှာ ပိုင်လိုင်းစီမံကိန်းဖြစ်မြောက် ရေးအတွက် လျော်ကြေးပေးအဖွဲ့က ညှိနှိုင်းမူကြောင့် စောတာဝါးဘက်က အလျှော့ပေးလိုက်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

စောတာဝါးမှာ နှစ်ပေါင်းသုံးဆယ် ကျော် ဥယျာဉ်ခြံလုပ်ကိုင်လာသူလည်းဖြစ်၊ သစ်တောဦးစီးဌာနက အသိအမှတ်ပြု အထောက်အထား စာရွက် ထုတ်ပေး ထားသူလည်း ဖြစ်ပါလျက် လျော်ကြေး ငွေကိစ္စပေါ်လာမှ ပိုင်ရှင်ဟု ဆိုလာသူက မြို့နယ် တရားရုံးတွင် အနိုင်ရသွားသည် ကို သူမကျေနပ်။

“ဒီမြေက ကျွန်မတို့ မြေပါဆိုပြီး ရွာသားတွေ ခြောက်ဆယ်ကျော်လောက် က ထောက်ခံတယ်။ အဲဒါကို တရားရုံး မှာ တင်ပြတာ တရားရုံးက လက်မခံဘူး။ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကို လက်မှတ် ထိုးပြီး အာမခံတယ်။ ကျွန်မတို့မြေပါ ဦးတာဝါးမြေပါဆိုတာကို။ ဘိုးဘွားလက် ထက်ကတည်းက မြေပါဆိုပြီး” စောတာဝါး ဇနီး နော်မန်းဒေးက ဆိုသည်။

ယင်းအတွက်ကြောင့် ထားဝယ်ခရိုင် တရားရုံးသို့ ထပ်မံအယူခံဝင်ခဲ့ပြီး ထိုအမှု ကို ၂၀၁၅ ခုနှစ် မေလတွင် အမိန့်ချမှတ် ခဲ့ရာ စောတာဝါး ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။

သို့သော် သူဇွဲမလျှော့သေး။ တိုင်း တရားလွတ်တော်တွင် ထိုမြေသည် သူ၏ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း ထပ်မံသက်ပြ လျှောက်လဲမည်ဟု အားတင်းကာ တနင်္သာရီတိုင်းတွင် အမြင့်ဆုံးဖြစ်သည့် တိုင်းဒေသကြီး တရားလွှတ်တော်ထံ ထပ်မံ အယူခံဝင် ပြန်သည်။

ထိုအယူခံအမူတွင် စောတာဝါးက အနိုင်ရရှိခဲ့သည်။ ထိုသို့တရားရုံးအဆင့် ဆင့်ကို ဖြတ်ကျော်နိုင်ရန်အတွက် သူပေး ဆပ်လိုက်ရသည့် အရင်းအနှီးက အများ အပြား။

ပထမဆုံးမှာ မိသားစု စားဝတ်နေရေး အတွက် ဥယျာဉ်ခြံအလုပ်ကို သူမလုပ်နိုင် တော့။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရနေ သည့် ဆီအုန်းခြံအလုပ်သမား ကြီးကြပ် ရေးမှူး အလုပ်မှ သူထွက်လိုက်ရသည်။ ဓာတ်ငွေ့ပိုင်လိုင်းမှ ရရှိထားသည့် လျော်ကြေး ငွေများမှာလည်း

တရားရုံးစရိတ်နှင့် မိသားစု စားဝတ်နေရေးတွင် သုံးစွဲလို့ ကုန်နေပြီ။ထိုကြောင့် သမီးနှစ်ဦး၏ ပညာရေး ကို တစ်ဝက်တပျက်ဖြင့် အံကြိတ်ကာ သူရပ်နားခိုင်းလိုက်ရသည်။

“ကျွန်မတို့က ထမင်းကို ဆားနဲ့ ငပိ နဲ့စားပြီးတော့ ကလေးတွေ ကျောင်းထား ပေးတယ်။ ကလေးတွေ ပညာရေးက အရေးကြီးလို့။ အဲဒီအမှုဖြစ်ပြီးနောက် ကလေးတွေရဲ့ပညာရေးတွေလဲ အကုန် ဆုံးရှုံး။ ဆယ်တန်းတက်မယ့်သူလဲ မတက် နိုင်တော့ဘူး။ ရှစ်တန်း တက်မယ့်သူလဲ မတက်နိုင်တော့ဘူး”ဟု နော်မန်းဒေးက ဆိုသည်။

ထိုသို့ ပညာရေးရပ်နားလိုက်ရသည် က စောတာဝါးအတွက် စိတ်အထိခိုက် ရဆုံးဟု သူက ဆိုသည်။ ယောကျာ်းတန်မဲ့ ကွယ်ရာမှာ ကြိတ်ငိုခဲ့ရသည့် နေရက်များ က စောတာဝါးအတွက် မရေမတွက်နိုင်။

သူ့အမူကိစ္စက တိုင်းအဆင့်တွင် မပြီးပြတ်သေးဘဲ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တရားလိုဘက်မှ အယူခံဝင်ပြန်သည်။ ထိုတရားရုံးတွင် စောတာဝါး အမူပြန်ရှုံး သည်။ စောတာဝါးကလည်း သူ၏ဘိုးဘွားပိုင်မြေ ဥယျာဉ်ခြံ ၁၂ ဧကအတွက် အဆုံးအထိ ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထား သူ ဖြစ်သည်။

ထိုကြောင့် အထူးအယူခံအမူ ပြန် တက်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် အထူးအယူခံအမူကို အမိန့်ချ လိုက်ရာ စောတာဝါး ရှုံးနိမ့်သွားပြန်သည်။

အခုတော့ ပိုက်လိုင်းစီမံကိန်း လျော်ကြေးငွေ သိန်းရှစ်ဆယ်ကိုအကြောင်းပြု ကာ တရားရုံးအဆင့်ဆင့်ကို သွားရောက် လျှောက်လဲနေရသော စောတာဝါးတွင် သိန်းငါးဆယ်ခန့်အကြွေးတင် နေပြီဖြစ် ကြောင်း နော်မန်းဒေးက ပြောသည်။
“အခု ကုန်နေတဲ့ပိုက်ဆံတွေက နောက်ထပ် ခြံသုံးခြံစာလောက်ကို ဝယ် လို့ရနေပြီ” နော်မန်းဒေးက ဆိုသည်။

ထိုသို့အကြွေးတင် နွံနစ်ခံပြီး တရားရုံး များတွင် လိုက်လံဖြေရှင်းနေခြင်းသည် လျော်ကြေးငွေလိုချင်သောကြောင့်မဟုတ် ဘဲ သူ့ဘိုးဘွားပိုင် ဥယျာဉ်ခြံ တစ်ပါးသူ လက်ထဲ ကျရောက်သွားမည်ကို စိုးရိမ် သောကြောင့်သာဖြစ်ကြောင်း စောတာဝါး က ပြောသည်။

မြေပြင်တွင် နှစ်ပေါင်းသုံးဆယ် ကျော် ထိုဥယျာဉ်ခြံကို သူပိုင်ဆိုင်လုပ်ကိုင် နေသည်မှာ မှန်ပါလျက် စာရွက်စာတမ်း များ ပေါ်တွင်သာ အခြေခံစဉ်းစားသည့် တရားရုံးများကိုလည်း သူမကျေမနပ် ဖြစ်နေသည်။

ထိုကြောင့် လက်ရှိအခြေအနေအရ စောတာဝါး နှစ်ပေါင်းသုံးဆယ် (၁၉၉၀ ခုနှစ်မှ တရားစတင်အစွဲခံရသည့် ၂၀၁၃ ခုနှစ်အထိ) လုပ်ကိုင်စားသောက်လာသော ဥယျာဉ်ခြံကို လက်မလွှတ်ရဖို့အရေး စောတာဝါးဆက်လက် တိုက်ပွဲဝင်နေ ရသည်။

စောတာဝါးအတွက် နောက်ဆုံး မျှော်လင့်ချက်အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီ စာချွန်တော် ပေးပို့လျှောက်ထားရမည့် အခွင့်အရေး တစ်ရပ်သာ ကျန်တော့သည်။ ထိုအယူခံ အမူကို ယခုနှစ် မတ်လ ၂၄ ရက်မတိုင်ခင် တက်ရောက်ရမည် ဖြစ်သည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပေါ်ပေါက် လာသော အဆိုပါ မြေယာပိုင်ဆိုင်မူ အငြင်ပွားခြင်းအမူကိစ္စ၊ တစ်နည်းအား ဖြင့် ဘိုးဘွားပိုင်မြေအတွက် ခုနှစ်အကြာ အမှုရင်ဆိုင် တိုက်ပွဲဝင်လာခဲ့သော စောတာဝါးအတွက် နောက်ဆုံးအဖြေက မည်သို့ ဖြစ်မည် မသိပေ။

ကရင်တိုင်းရင်းသား စောတာဝါးက တော့ “ကျွန်တော်နှစ်ပေါင်းများစွာ ပင်ပန်း ခံပြီး တည်ထောင်လာတဲ့ ဥယျာဉ်ခြံ စားရ ခါနီးမှ လာလုတယ်ဆိုတော့ ကျွန်တော် ဘယ်ပေးနိုင်မှာလဲ” ဟု ဆိုလေသည်။

ကျော်သူစိုး

True Friends အဖွဲ့၏ အစီအစဉ်ဖြင့် ဖော်ပြသည်။