တနင်္သာရီသဘာဝကြိုးဝိုင်း အာဆီယံအမျိုးသားဥယျာဉ်ဖြစ်လာမည်

0
1172

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီသဘာဝကြိုးဝိုင်းကို အာဆီယံသဘာဝ အမျိုးသားဥယျာဉ်အဖြစ် ယခုနှစ်အတွင်း သတ်မှတ်နိုင်ဖွယ်ရှိကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ သဘာဝကြိုးဝိုင်းကို အာဆီယံအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက အဆိုပြုထားခြင်း ဖြစ်သည်။

အာဆီယံအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်မည့် တနင်္သာရီကြိုးဝိုင်း၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနယ်နိမိတ်နှင့် ထိစပ်နေပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်နိမိတ်စည်းမျဉ်းကို မြေပြင်တွင် တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

ထိုကြောင့် ၂၀၁၉ ခုနှစ်က ကျင်းပသည့် အာဆီယံအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်မည့်အစည်းအဝေးတွင် နယ်နိမိတ် သတ်မှတ်ပြီးမှသာ အာဆီယံအမျိုး သားဥယျာဉ်အဖြစ်သတ်မှတ်ရန် ထိုင်းနိုင်ငံက မေတ္တာရပ်ခံခဲ့ကြောင်း တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းညွှန်ကြားရေးမှူး ဦးအောင်သူက ရှင်းပြသည်။

နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို မြေပြင်ပေါ်တွင် တရားဝင် သတ်မှတ်ထားခြင်း မရှိသော်လည်း မြေပုံပေါ်တွင်မူ သတ် မှတ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် မြေပုံပေါ်ရှိ နယ်နိမိတ် မျဉ်းမှ မြန်မာနိုင်ငံသို့ နှစ်ကီလိုမီတာ နောက်ဆုတ်ကာ အာဆီယံအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ရန် အာဆီယံဇီဝ မျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဗဟိုဌာနကို ပြန်လည်ပေးပို့ထားကြောင်း ဦးအောင်သူ က ပြောသည်။

“နှစ်ကီလိုမီတာ အထဲကိုသွင်းပြီး တော့မှ ပြန်ဆွဲပေးလိုက်တဲ့အပေါ်မှာ ထိုင်းနိုင်ငံဘက်က သဘောတူတယ်ဆို ရင်တော့ ဒီနှစ်ထဲမှာတော့ သတ်မှတ် မှာပေါ့” ဟု ဦးအောင်သူက ဆိုသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းကို ၂၀၁၅ ခုနှစ် မတ်လက စတင်ဖွဲ့စည်းခဲ့ပြီး အကျယ်အဝန်းစုစုပေါင်းဧက လေးသိန်း နှစ်သောင်းကျော် (၄၂၀ဝ၇၇ ဧက) ရှိကြောင်း စီမံကိန်းအချက်အလက်များ အရ သိရသည်။

လက်ရှိသတ်မှတ်ရန် ကြိုးပမ်းနေ သည့် သဘာဝကြိုးဝိုင်းအတွင်း ဒေသခံ များအစဉ်အဆက်လုပ်ကိုင်စားသောက် လာသည့် နေရာများပါဝင်နေသည့် အတွက် ဒေသခံများ၏ သဘောထားကို ရယူသင့်ကြောင်း သစ်တောတရားဥပဒေ စိုးမိုးမှု၊ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် (FLEGT)မှ ခရိုင်အဆင့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် စောကဲဒို က ဆိုသည်။

“သူတို့က သွားသတ်မှတ်လိုက်မယ် ဆိုရင် အလိုလိုနေရင်းနဲ့ ကျူးကျော်တွေ ဖြစ်ပြီး ဥပဒေပိုင်းအရဆို ဒီနေရာကို ကျူးလွန် နေသလိုမျိုး ဖြစ်သွားမှာပေါ့”ဟု စောကဲဒို က ပြောသည်။

အာဆီယံအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံရပါက ထိန်းသိမ်းရေး လုပ်ငန်း များအတွက် နိုင်ငံတကာ အထောက်အပံ့ နှင့် နည်းပညာအကူအညီ များ ရရှိနိုင်ပြီး ကမ္ဘာတစ်ဝန်းမှ ယင်းအမျိုးသားဥယျာဉ် အကြောင်း ပိုမိုသိရှိ လာမည်ဖြစ်ကြောင်း ဦးအာင်သူက ရှင်းပြသည်။

“မြန်မာနိုင်ငံအတွက်ရော တနင်္သာရီ တိုင်းအတွက်ရော ဒါကတော့ ဂုဏ်ယူရ မယ့်ကိစ္စပေါ့လေ။ သတ်မှတ်လိုက်ရင် တော့”ဟု ဦးအောင်သူက ပြောသည်။

အာဆီယံအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် အာဆီယံအဖွဲ့၏ စံသတ်မှတ်ချက် ၁၀ ချက်ဖြင့် ကိုက်ညီရ ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းကို ၂၀၁၉ ခုနှစ် မတ်လဆန်းက ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်သည့်အဖွဲ့က သုံး ရက်ကြာ ကွင်းဆင်းစိစစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ် ရန် အာဆီယံအဖွဲ့က ရမှတ် ၃၀ သတ် မှတ်ထားပြီး ၂၃ မှတ်ရမှ စစ်ဆေးမှုအောင်မြင်ရာ တနင်္သာရီသဘာဝကြိုးဝိုင်းက ရမှတ် ၂၆ မှတ်ရရှိခဲ့ကြောင်း ဦးအောင်သူ က ပြောသည်။

အဆိုပါသဘာဝကြိုးဝိုင်းအတွင်း သစ်ပင်မျိုးစိတ်၊ တောရိုင်းတိရစ္ဆာန် အစရှိသည့် ဇီဝမျိုးစုံမျိုးကွဲပေါင်းများစွာ တည်ရှိကြောင်း သိရသည်။

Dawei Watch