မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

0
1143

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့် လူစုလူဝေးဖြင့် ပြုလုပ်ရ မည့် အခမ်းအနားများကို တတ်နိုင်သ လောက် ရှောင်ရှားရန်နှင့် မဖြစ်မနေလုပ် ဆောင်ရမည့် အခမ်းအနားများရှိပါက လည်း ရက်ရွှေ့ဆောင်ရွက်ရန် မတ်လ ၃ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းညွှန်ကြားစာ မထွက် ခင်ကတည်းက ထားဝယ်မြို့ရှိ တက္ကသိုလ် များမှာ ကျောင်းသင်္ကြန်ပြုလုပ်ရန် အတွက် ကျောင်းသားများထံ ငွေကောက် ခံခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ ခြင်းတို့ကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်နေသည်။

ယင်းအတွက်ကြောင့် ကျောင်း သင်္ကြန်ကို ဆက်လက်ကျင်းပရန် စီစဉ် ခြင်းဖြစ်ကြောင်း အထက်ပါ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တို့က ပြောဆိုသည်။

“ကျွန်တော်တို့မှာက အရင်ကတည်း ကြိုပြီးစီစဉ်ထားပြီးသားဖြစ်နေလို့ ကျောင်း သင်္ကြန် ဆက်ပြီးတော့ ကျင်းပမှာပါ” ဟု ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇင်ဘိုဟိန်းက ပြောသည်။

နည်းပညာတက္ကသိုလ်(ထားဝယ်)တွင်မူ ကိုယ်အပူချိန်တိုင်းတာသည့် စက် ကိရိယာများဖြင့် ကျန်းမာရေး စစ်ဆေးပြီး မှ ကျောင်းသင်္ကြန်ကို ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသား များသမဂ္ဂ အလုပ်အမူဆောင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့မှာတော့ ကျန်းမာရေး စစ်ဆေးတာတို့ အပူချိန်တိုင်းတာတို့ ကျောင်းအဝင်ဝမှာကတည်းက စစ်ဆေး ပြီး လုပ်ဖို့ စီမံထားပါတယ်။ နေမကောင်း တဲ့သူဆို လုံးဝ ပေးမဝင်ပါဘူး။ အပူချိန် တိုင်း ကိရိယာတွေကိုလည်း ရန်ကုန်က နေ မှာထားပါတယ်”ဟု ၎င်းက ဆိုသည်။

ကျောင်းတွင်းသင်္ကြန်ကို နည်းပညာ တက္ကသိုလ်တွင် မတ်လ ၁၁ ရက်၊ ကွန်ပျူတာက္ကသိုလ်တွင် မတ်လ ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ထားဝယ် တက္ကသိုလ်တွင် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာထုတ်ပြန်သည့် မတ်လ ၃ ရက်က ကျင်းပခဲ့ပြီး ဖြစ်သည်။

မြိတ်နည်းပညာတက္ကသိုလ်ကလည်း ကျောင်းသင်္ကြန် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကလည်း လူစုလူဝေးဖြင့် ပြုလုပ် သော ပွဲလမ်းသဘင်များကို အတတ်နိုင် ဆုံး ရှောင်ရှားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ လ ၂၇ ရက်က အသိပေးထုတ်ပြန်ထားသည်။

ယခုရာသီသည် တိုင်းအတွင်း လူစု လူဝေးဖြင့်ကျင်းပသော ဇာတ်ပွဲများ ကျင်းပနေချိန်ဖြစ်ပြီး ယင်းဇာတ်ပွဲများ မကျင်းပရန်ကိုမူ လက်ရှိအချိန်အထိ တားမြစ်ထားခြင်း မရှိသေးဘဲ တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားလာပါက ညွှန်ကြား ချက်အတိုင်း လုပ်ဆောင် မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ကျော်သူစိုး