ရေဒီယိုကမာရွတ် အလွမ်း

0
273

“ဟိုဘက်အိမ်က ညတိုင်းညတိုင်း
စာအကျယ်ကြီး ကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို…
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်”

ရေခဲမုန့်သည်၏ ဆိုင်ကယ်ဘေးတွဲ ပေါ်က စိုင်းထီးဆိုင်၏]]ရေဒီယိုကမာရွတ်}} သီချင်းလေး ကြားရတိုင်း မစုမြတ်တစ် ယောက် ဆယ်တန်းကျောင်းသူဘဝကို ပြန်သတိရနေတတ်သည်။

“အို… ရေဒီယိုကမာရွတ်ရေ့
ကြိုးစားလိုက်စမ်းကွယ်…
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေ ရှိတယ်…”

ထိုသီချင်းက မစုမြတ်တို့ ဆယ်တန်း ကျောင်းသူဘဝက သူငယ်ချင်းများ စာစု ကျက်စဉ်က ဂစ်တာလာတီးတတ်သည့် ကာလသားအစ်ကိုကြီးတို့၏ ပင်တိုင် သီချင်း။

“အို… ရေဒီယိုကမာရွတ်ရေ့
စိတ်မဆိုးလိုက်နဲ့ကွယ်…စာတွေ မကျက်နိုင်ရင် ဝမ်းနည်းရ မယ့် သူတွေ ရှိတယ်…”

မြိတ်မြို့နေ မစုမြတ်တို့က ထိုအစ်ကို ကြီးတွေကို စိတ်မဆိုးခဲ့ကြပါ။

အဘယ်ကြောင့်ဆိုသော် ယခုကာလ ကဲ့သို့ ဆယ်တန်းစာမေးပွဲကြီး နီးကပ်လာ လျှင် မြိတ်သား အစ်ကိုကြီးတို့ အလိုက်သိစွာ ဂစ်တာ လာမတီးတတ်တော့သော ကြောင့်ဖြစ်ပါသည်။

“လာရင်လည်း သန်းခေါင်လောက် မှ လာတတ်တာမျိုး အဲဒီအချိန် သူတို့ တီးတတ်တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်။ ရေဒီယိုကမာရွတ်သီချင်း။ အဲသီချင်းလေးက ပင်တိုင်ပဲ” ဟု မစုမြတ်က ပြောပါသည်။

ဆယ်တန်းကျောင်းသူအိမ်ရှေ့ ရေဒီယို ကမာရွတ်သီချင်းဖြင့် ဂီတာသွားတီးသည့် အဖွဲ့ထဲ ပါဖူးသည့် လောင်းလုံးမြို့နယ်၊ နခံတောရွာသား ကိုအောင်ဇော်တို့အဖွဲ့လည်း ပါခဲ့ဖူးပါသည်။

ညဦးပိုင်း ၉ နာရီဝန်းကျင်လေးက ဂစ်တာသွားတီးရန် အကောင်းဆုံးအချိန်။

“ဆယ်တန်းစာကျက်ချိန် သူငယ်ချင်း တွေနဲ့ ဂစ်တာသွားတီးတာမျိုးတွေ လုပ်ဖူးတယ်။ အိမ်နဲ့ မလှမ်းမကမ်းမှာပေါ့” ဟု ကိုအောင်ဇော်က ပြောသည်။

ဆယ်တန်းကျောင်းသားကျောင်း သူတို့က ညဦးမှအစ ည ၁၁ နာရီခန့်အထိ၊ အာရုံသောက် နံနက် ၄ နာရီ ခန့်မှ ၆ နာရီခန့်ထိ စာကျက်တတ်ကြသည်။ လျှပ်စစ်မီး မရှိလျှင် ရေနံဆီမီးခွက်လေး ထွန်းကာ၊ ဖယောင်းတိုင်မီးလေးထွန်းကာ စာအော်ကျက်ကြသည်။

လောင်းလုံးမြို့နယ် သာယာကုန်း ကျေးရွာ အသက် ၄၇ နှစ် ဒေါ်ထွန်းရှိန် အတွက်လည်း ဆယ်တန်းကျောင်းသူ ကျောင်းသားတို့၏ စာကျက်သံက သာယာနာပျော်ဖွယ် ဖြစ်ခဲ့သည်။

“ဟိုအိမ်ကကျက်၊ ဒီအိမ်ကလဲ ကျက်ပဲ။ အဲဒီတုန်းကဆိုရင် ဘယ်အိမ်မှာ ဆယ်တန်းရှိလဲ မေးနေစရာမလိုဘူး။ စာကျက်သံ ကြားတာနဲ့ သိတယ်။ တစ်ခါတလေဆို စာကျက်သံနားထောင် ပြီးကို အိပ်ပျော်သွားသေးတယ်။ စာမေးပွဲ ပြီးဆို အိမ်နားမှာ ခြောက်ကပ်ကပ်ကြီး မျိုးကို ဖြစ်ပြီးကျန်နေခဲ့တယ်လို့တောင် ခံစားရသေးတယ်” ဟု ဒေါ်ထွန်းရှိန်က ပြောသည်။

ကိုကိုကာလသားတို့ကလည်း ဆယ်တန်းပြီးလျှင် ရေဒီယိုကမာရွတ် သီချင်းလေး ဝိုင်းဖွဲ့ဆိုညည်း လွမ်းကြ မည်။

“ဒီနေ့မှာတော့ တို့များရင်ထဲ
ဟာနေတဲ့အကြောင်းရင်း
စိစစ် လိုက်ရှာတော့
ဆယ်တန်း စာမေးပွဲပြီးလို့
ရေဒီယိုကမာရွတ် ပိတ်ထားခြင်းပဲ”

သည်ဘက်ခေတ်တွင်မူ ရပ်ထဲရွာထဲ ရေဒီယိုကမာရွတ်ဟု တင်စားခံရသည့် ဆယ်တန်းစာကျက်သံတို့ မကြားရ သလောက်ပင် ရှိလေပြီ။

မြို့တွင်ဆိုလျှင် ဘော်ဒါဆောင်၊ ကိုယ်ပိုင်ကျောင်းတို့နှင့် နီးလွန်းမှ စာကျက်သံ သဲ့သဲ့လေး ကြားနိုင်မည်။ ရွာများတွင်လည်း ကျောင်းသူ ကျောင်းသား များက မြို့ဘော်ဒါဆောင် တစ်ခုခုရောက် လျှင် ရောက်နေမည်။ သို့မဟုတ်ပါက ကျောင်း၊ ကျူရှင် စာကျက်ဝိုင်း တစ်ခုခုသို့ ရောက်နေတော့သဖြင့် ရွာထဲ စာအော် ကျက်သံက မကြားရ သလောက်ပင်။

“အခုကလား ဆယ်တန်းဖြေနေမှန်း တောင် မသိတော့ဘူး။ စကားစပ်လို့ ပြောမိမှပဲ ဘယ်သူ့အိမ်မှာတော့ ဆယ်တန်း ရှိတယ် ဆိုတာ သိရတော့တယ်။ ဘာဖြစ် လို့လဲဆိုတော့ အရင်လိုစာအော်ကျက်သံမှ မကြားရတော့တာကို။ အခုခေတ်က ဘော်ဒါခေတ်လေ။ ဆယ်တန်း၊ ကိုးတန်း ဆို ဘော်ဒါရောက်နေကြပြီလေ” ဟု ဒေါ်ထွန်းရှိန်က ပြောပါသည်။

ရေခဲမုန့်သည်၏ ဆိုင်ကယ်ဘေးတွဲ ပေါ်က စိုင်းထီးဆိုင်၏ “ရေဒီယိုကမာရွတ်” သီချင်းလေး ကြားရတိုင်း ဆယ်တန်း ကျောင်းသူဘဝကို ပြန်သတိရနေတတ် သည့် အသက် ၄၁ နှစ်အရွယ် မစုမြတ် တစ်ယောက်လည်း ဆယ်တန်းစာကျက် သံကို လွမ်းနေပါသည်။

“ခုတော့ စာကျက်သံ၊ ဂစ်တာသံ တွေမကြား ရတော့ဘူး” ဟု မစုမြတ်က ပြောပါသည်။

“အို… ရေဒီယိုကမာရွတ်ရေ့
တိတ်ဆိတ်လွန်းလို့ကွယ်…
စာအံတဲ့သံလေး တောင့်တမိတဲ့
သူတွေ ရှိတယ်…”

Dawei Watch

ကြော်ငြာဝန်ဆောင်မှု