အရပ်ကူ ရင်မော ဒီရေတော

558
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုနေဇော် အကျွမ်းကျင်ဆုံးက ချောင်းရိုးထဲ လှေကို ရေသံမကြားအောင် လှော်ခြင်းပင်။

ပါချန်မြစ်လက်တက် မြန်မာဘက်ကမ်း ချောင်းရိုးလေးများထဲတွင် ကိုနေဇော် မရောက်ဖူးသည့်ချောင်း ဟူ၍ မရှိ။

ည . . .။ ကြယ်အချို့သာ အားငယ် စွာလင်းနေသည့် လမိုက်ညတွင် ကိုနေဇော် ၏ ဖားလှေငယ်က ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်လက်တက် ချောင်းရိုးငယ် တစ်လျှောက် လူးလားခေါက်တုံ့ လှည့်နေ သည်။

ကိုနေဇော်ခေါင်းတွင် တပ်ထားသည့် ခေါင်းပတ် ဓာတ်မီးရောင်က ချောင်းရေကို ဖောက်ကာ မှဲ့ပင်ကြီးတို့ ခြေရင်းကို ရှင်းလင်းစွာ မြင်ရသည်။

တွေ့ပြီ။ မှဲ့ပင်မြစ်ဆုံအောက်တွင် ရန်လိုစွာ လက်မကားထားသည့် ကဏန်း နက်တစ်ကောင်။ မီးရောင်အောက်တွင် မျက်စိကျိန်းနေဟန်ဖြင့် သူ မလှုပ်။

ကိုနေဇော်၏ ညာလက်တွင်ကိုင်ထား သည့် ကဏန်းဖမ်း သုံးခွဆူးချွန်မှိန်းတံက ကဏန်းကိုပေါ် အုံ့မိုးထိုးစိုက် ကျသွား သည်။ ကဏန်းက ဆူးချွန်ကြား ကားယား ကြီး ဖြစ်နေချိန်၊ ကိုနေဇော် ဘယ်လက်က ကိုင်ထားသည့် သံကွင်းတွင် ပိုက်အိပ်တပ် ကဏန်းခပ်တံကလည်း တစ်ပြိုင်နက်တည်း ကဏန်းနားရောက်ပြီးသား၊ ခပ်ပြီးသား။

မိပြီ။ ထိုင်းဈေးကွက်တွင် ဈေးကောင်း ရသည့် ကဏန်းမည်း အရှင်တစ်ကောင် မိလိုက်သည်။

“ကျောင်းသား လေးယောက်ရှိတယ်။ အဓိက စီးပွားဖြစ်လုပ်တာကတော့ ကဏန်းချီးပုန်းနဲ့ ကဏန်းမည်း ဖမ်းရောင်း တာပါပဲ”ဟု ကိုနေဇော်က သူ့ကျွမ်းကျင်မှု ကို ဂုဏ်ယူသည့်လေသံဖြင့် ပြောသည်။

ပါချန်ဒီရေတောများက ကိုနေဇော် တို့ မိသားစုအတွက် ထမင်းအိုး။

ကိုနေဇော်အတွက်သာမဟုတ်။ ကိုနေဇော်တို့ရွာနှင့် ပါချန်မြစ်ကမ်းရွာတို့ ၏ စားဝတ်နေရေးအတွက် ဒီရေတော တို့က စားဝတ်နေရေး ဖန်တီးပေးသည့် ပဒေသာပင်ကြီးများ။

မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံး သော တနင်္သာရီတိုင်း၏ ဒီရေတောကြီး များက ဒီရေတောတစ်ဝိုက် နေထိုင်သူတို့ အတွက် မကုန်ခန်းနိုင်သော သဘာ၀ ထမင်းအိုး။ ကျား/မ၊ ကြီးငယ်မဟူတို့ မှီခိုကျက်စားနိုင်သည့် ရေသတ္တဝါရှာဖွေရာ တောကြီး။

ထို့အပြင် သဘာ၀ဘေးကို တားပေး ရာ မဟာတံတိုင်း။ ထို့အပြင် တနင်္သာရီ ပင်လယ်ပြင်အတွက် သားငါးတို့ ပေါက်ဖွား ပေးရာ ရေသတ္တဝါတို့၏ အိမ်။

ထို ငါးတို့၏ အိမ်၊ ပြည်သူတို့၏ ထမင်းအိုး၊ တိုင်းဒေသကြီး၏ မဟာတံတိုင်း ကြီးကို အစိုးရက မည်သို့ စီမံခန့်ခွဲနေ သနည်း။ မည်သို့ ထိန်းသိမ်းစောင့်ရှောက် နေသနည်း။ ဒီရေတောကို မှီခိုနေသူတို့ ကောင်းစွာ မသိ။ ကိုနေဇော်တို့ ကောင်းစွာ မသိ။

ကိုနေဇော်တို့ သိသည်က သူတို့ ထမင်းအိုး သူတို့ နိုင်သလောက်ထိန်းမည်။

ဒီရေတော၏ လက်ဆောင်

ကိုနေဇော်တို့ ကော့သောင်းမြို့နယ် ဝဲငယ်ရွာသားတို့အပါအဝင် ပါချန် မြစ်ကမ်းရွာတို့ ပါချန်ဒီရေတောအတွင်းမှ စီးပွားဖြစ် ထုတ်ယူဖမ်းဆီးကာ ထိုင်းသို့ ရောင်းချနေကြသည့် အကောင်ဗလောင်က ခရုအိုးစုပ်၊ ငါးမျိုးစုံ၊ ပုစွန် စသဖြင့် အစုံ။

တန်ဆောင်မုန်းလကအစ ကမာငုပ် ရောင်းကြသည်မှာ သင်္ကြန်အထိ။

ဈေးကွက်ဝင်ကမာအကြီးတို့ကို ရောင်းကာ ဈေးကွက်မဝင်သေးသည့် ကမာအငယ်တို့ကို ဒီရေတောစပ်တွင် ပြန်မွေးကြသည်။ ဈေးကွက်ဝင်လျှင် ပြန် ဖော်ရောင်းသည်။

မွေးကမာများကို ဘိလပ်မြေဖြင့် ကြိုးတွင် နှစ်လုံးပူးကပ်စေပြီး ကြိုးတစ်တွဲ လျှင် ဆယ်လုံးတွဲ၍ ပါချန်မြစ်ထဲ ရေ အမြဲရောက်သည့်နေရာတွင် ဆောက်ထား သည့် သစ်လုံးတန်း၌ တွဲမွေးကြခြင်း ဖြစ်သည်။

ကျန်းမာရေး မကောင်းလှသဖြင့် ဒီရေတောထဲ မသွားနိုင်သည့် ဝဲကြီးရွာမှ ဒေါ်ဆန်းညွန့်တစ်ယောက်လည်း သား ဖြစ်သူတို့ ငုပ်လာသည့် ကမာများအနက် အငယ်တို့ကို ပြန်မွေးထားသည်မှာ ဆယ်လုံးတွဲ အတွဲ ၂၀၀ ကျော် ရှိပြီဟု ဆိုသည်။

“ကြီးတာတွေ ရောင်းပြီး ငယ်တာ တွေ ချန်လာတာပေါ့။ မွေးကမာအရွယ် တွေဆိုတော့ မွေးတာပေါ့”ဟု ဒေါ်ဆန်းညွန့်က ပြောသည်။

ကမာမွေးသူ တစ်ဦးလျှင် ကမာကောင် အတွဲ ၃၀၀ မှ အတွဲ ၁၀၀၀ ထိ မွေးမြူထား ကြပြီး ယခုနှစ် ကမာမွေးရာသီအစ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မွေးသူ ငါးဦး အထိ ရှိလာပြီဟု ရွာသားများက ပြောသည်။

ဒီရေတောစပ်တွင် ခရုညိုနှင့် ကဏန်း တို့လည်း ထိုသို့ မွေးမြူကာ ပြန်ဖော်ရောင်း ကြသည်။

မြစ်နံဘေး ဒီရေတောစပ်တွင် ဈေး ကြီးလှသည့် ပကန်းကောင် နှိုက်ရာတွင် လည်း ကိုနေဇော်တို့ ကျွမ်းကျင်သည်။ မြုံး၊ ပိုက်တို့ဖြင့်လည်း ပကန်းထောင်ကြသည်။

ဟင်းစားအတွက်ကား ပူရသည်မရှိ။ ခရုစေတီ၊ ဝက်နား၊ ကဏန်းစုံ၊ ငါးစုံ၊ ပရှစ်လိုနေသည့် သန်းဖောထွင်း စသဖြင့် က ဒီရေတောနှင့် ပါချန်မြစ်ရှိနေသ၍ သူတို့ မပူကြ။

ထို့အတူ နာမည်ကျော် မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်စွန်း မောင်းမကန် ချောင်း၀ ဆင်ဖြူတိုင်အလုပ်စခန်းတွင် နေထိုင်သည့် မမိုးစန္ဒာကလည်း သူတို့ မိသားစု စားဝတ်နေရေးအတွက် မောင်းမကန် ဒီရေတောက ပေးစွမ်းနိုင်သည်။

ဒီရေတောကို မမိုးစန္ဒာအပါအဝင် ထားဝယ်ဒေသတွင် ခေါ်ကြသည်က “ယပ်တော”။ ဗမာအခေါ်အရ “ဒီရေတော”။ သူတို့ ရှာဖွေသည့် အကောင်တို့ကို အတိုကောက် ခေါ်ကြသည်က ရှု၊ ရှပ်၊ ဝမ့်နား (ခရု၊ ရှပ်၊ ဝက်နားခေါ် ရှပ်မည်း ကြီးတစ်မျိုး)။

ဒီရေကျချိန်ဆိုက မမိုးစန္ဒာအမျိုး သမီးတစ်သိုက် ကလေးတို့ပါမကျန် ယပ်တောထဲ ဆင်းကြသည်။

“ဝက်နားရတယ်၊ ရှပ်ရတယ်၊ ကဏန်း တူးတယ်။ ဂျင်းရှိတယ်၊ ပက်ကျိရှိတယ်။ အမျိုးစုံပဲ။ ယောက်ျားတွေက လှေလိုက်တယ်။ လှေ ၃ လ (ငါးမွေးရာသီ) ပိတ်ရင် ကဏန်းမီးထွန်းတယ်။ ပုစွန်ထိုးတယ်” ဟု မမိုးစန္ဒာက ပြောသည်။

မြေဖြူတိုင်ရွာမှ အိမ် ၃၀ နီးပါးစလုံး သာမက မောင်းမကန်ရွာပေါ်မှ ရွာသူ ရွာသားတချို့လည်း ယင်းသို့ ဒီရေတော ထဲ ရှာဖွေစားသောက်ကြသည်ဟု ရွာသား တို့က ပြောကြသည်။

မောင်းမကန်ကမ်းခြေ၏ နာမည်ကျော် စားစရာများဖြစ်သည့် ရှပ်သုပ်၊ သဲပလုပ် ဟင်းချိုတို့မှာ မောင်းမကန်ရွာအနီးအနား ရှိ ဒီရေတောများမှထွက်သည့် အကောင် များပင် ဖြစ်သည်။

လက်ဆောင်ကို ချိုးဖျက်သူများ

ဒေသအတွင်း နာမည်ကောင်းရရှိ သော ပုစွန်ခြောက်နှင့် ပုစွန်ငါးပိတို့ ထွက်ရာ ရေဖြူမြို့နယ် ဟိန္ဇဲချောင်း တောင်ဘက်ကမ်းရွာများကမူ ချောင်း မြောက်ဘက်ကမ်းက ဒီရေတောပင်များ ခုတ်ရောင်းချနေမှုကြောင့် သားငါး ရှာပါး လာမည်ကို စိုးရိမ်နေကြလေသည်။

ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ အုပ်စု၊ မဲသံတောင်ရွာတွင် ဒီရေတောပင် များ နှစ်ချီ ဆက်တိုက်ခုတ်ရောင်းကြောင်း ဟိန္ဇဲချောင်းအတွင်း ရေလုပ်ငန်းလုပ်ကိုင် ကြသည့် ဒေသခံတို့က ပြောကြသည်။

သစ်ခုတ်သူများက မဲသံတောင် ဒီရေတောရှိ မဲ့၊ ကနစို၊ မဒမ စသည့် ဒီရေတောပင်များကို ခုတ်ပိုင်းကာ လှေငယ် များဖြစ် တင်ဆောင်ပြီး မဲသံတောင်ရွာ ဆိပ်ကမ်းရှိ လှေကြီးများထံ ရောင်းချ နေကြသည်မှာ ကာလ ကြာမြင့်နေပြီဟု ဟိန္ဇဲချောင်း ရေလုပ်သားတို့က ပြောကြသည်။

တန် ၃၀ ခန့် တင်ဆောင်နိုင်သည့် သစ်ဝယ်လှေများက သစ်တင်ဆောင်ကာ ပင်လယ်လမ်းကြောင်းမှ ရေးဘက်သို့ ခုတ်မောင်းသွားသည်မှာ ပျမ်းမျှ ၁၀ ရက် တွင် ၅ စီးခန့် ရှိကြောင်း မျက်မြင် ရေလုပ်သားတို့က ပြောကြသည်။

“မဲသံတောင်မှာ ဒီရေတောတောင် ပြောင်တော့မယ်။ သစ်ခုတ်ရောင်းပြီး သစ်ကိုင်းသစ်ခက်တွေကို ချောင်းထဲပစ်ချ တော့ ရေနဲ့မျောလာပြီး ငါးဖမ်းပိုက်နဲ့ ငြိလွန်းလို့ ပိုက်တွေလည်း ပျက်စီးပေါင်း များပြီ”ဟု ဟိန္ဇဲချောင်း ရေလုပ်သားတစ်ဦးက ပြောသည်။

မဲသံတောင်တွင် ဒီရေတော မည်မျှ ပျက်စီးနေပြီကို မည်သူမျှ မပြောနိုင်။

ထို့အတူ တနင်္သာရီတိုင်းအတွင်း ဒီရေတော မည်မျှ ဖျက်ဆီးခံနေရပြီကို လည်း မည်သူမျှ အတိအကျ မတွက်ချက် ပြနိုင်။

ဒီရေတောအရေးကို ပြည်ထောင်စု အစိုးရအား လွှတ်တော်မှတစ်ဆင့် မေးခွန်း ထုတ်လေ့ရှိသည့် ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း ကမူ မြိတ်ခရိုင်အတွင်းတွင် ဒီရေတော ဧကထောင်ချီ ဖျက်ဆီးခံထားရပြီဖြစ်ကြောင်း ပြောသည်။

တနင်္သာရီအပတ်စဉ်မှ ကွင်းဆင်း စုံးစမ်း မေးမြန်းချက်များအရမူ တနင်္သာရီ တိုင်းအတွင်း ခိုးခုတ်ခံရမှု မရှိသည့် ဒီရေတောဟု မရှိပေ။

အထူးသဖြင့် ဒီရေတော အကောင်းဆုံး ကျွန်းစုမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း ကြီးများအတွက် ခွင့်ပြုချက်မဲ့ ဒီရေတော အပြောင် ခုတ်ထွင်ရှင်းလင်းမှု၊ စက်ရုံသုံး ထင်းလောင်စာအဖြစ် အသုံးပြုရန်၊ မီးသွေး ဖုတ်ရန်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် သုံးရန်တို့အတွက် ခုတ်ထွင်နေကြကြောင်း သိရသည်။

ဒီရေတောထွက်၊ သစ်နှင့် မီးသွေးများ ကို ဒေသတွင်း^ပြည်တွင်းသာမက ပြည်ပ သို့ပါ ပို့ဆောင်နေကြကြောင်း တနင်္သာရီ တိုင်းသားတို့က ပြောဆိုကြသည်။

အစိုးရနှင့် ဒီရေတောလိုလားသူတို့ လက်လှမ်းမမီသည့်နေရာများတွင်ပင် ဤမျှ ဖြစ်နေသည်ဆိုလျှင်။

တိုင်းအစိုးရ ဘာတွေလုပ်

တိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးကမူ မည်သည့်ဒီရေတောမျှ ခုတ်ခွင့်မပြု ကြောင်း ပြောသည်။

“ဒီရေတောကို ခုတ်ခွင့် မပေးဘူး။ ခုတ်နေတာရှိရင် အရေးယူမယ်”ဟု ဝန်ကြီး ဦးလှထွေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ လအတွင်းက ကျွန်းစုမြို့နယ် ပင်လယ် ရေပြင်တွင် ဒီရေတောထွက်သစ်များ တင်ဆောင်လာသည့် လှေတစ်စီးကို ဖမ်းဆီးပြီး သစ်တောဥပဒေအရ အရေးယူ ထားသည့် သာဓကလည်း ရှိကြောင်း ဦးလှထွေးက ပြောသည်။

ဝန်ကြီး ဦးလှထွေးပြောသည့် ဒီရေတောသစ်လှေ ဖမ်းမိသည်ဆိုသော ကျွန်းစုမြို့နယ်သည် ဒီရေတောပင် ခုတ် ထွင်မှုတွင် နာမည်ဆိုးနှင့် ကျော်ကြားလွန်းသော မြို့နယ်တစ်ခုပင် ဖြစ်သည်။

ဒေသခံများက မီးသွေးဖုတ်ရန်နှင့် အခြားလုပ်ငန်းများတွင် အသုံးပြုရန် ဒီရေတောပင်များ ခုတ်ထွင်လာခဲ့ကြသည် မှာ ခေတ်အဆက်ကတည်းက ယခုတိုင် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရကမူ ထင်းနှင့် မီးသွေးအတွက် ဒီရေတော ခုတ်ခွင့်မပြုကြောင်း စတက် ကတည်းက ပြောဆိုထားသည်။

၂၀၁၆ ခုနှစ် မြိတ်၊ စက်တင်ဘာ ၁၅ မြိတ်မြို့ ကမ်းနားလမ်း ပုလဲရတနာ ခန်းမတွင် ပြုလုပ်သည့် တိုင်းအစိုးရနှင့် ခရိုင်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံသည့်ပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မီးသွေးဖုတ်ရင် ကော်တော (ရော်ဘာပင်) တွေကို သွားဝယ်ပြီးလုပ်ပါလား။ အလကားရတဲ့ ဒီရေတောပဲ မက်မောနေ လို့ မရဘူး”ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောခဲ့ဖူးသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းကျော်သေဆုံးရခြင်းမှာ ဒီရေ တော မရှိသောကြောင့် ဖြစ်ရခြင်းဖြစ်ပြီး တိုင်းအတွင်း ယင်းသို့ မဖြစ်စေရန် ဒီရေ တောထင်းများကို ခုတ်ယူခွင့် မပြုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ထိုစဉ်က ပြောဆိုခဲ့သည်။

သို့သော် ဒေသခံတို့ကမူ ထင်း၊ မီးသွေး၊ အခြားသုံးအတွက် ဒီရေတော ခုတ်ရောင်းမှုကို ဒေသခံအချို့က အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြင့် လုပ်ကိုင်နေ ကြရာ တရားမဝင် ဒီရေတောခုတ်မှု ချက်ချင်းမပျောက်နိုင်ဟု သုံးသပ်ခဲ့ကြသည်။

လွှတ်တော်ရောက် ဒီရေတော

၂၀၁၉ ခုနှစ်တွင်မူ ဒီရေတော အပြောင်ရှင်းမှုတို့ တိုင်းလွှတ်တော်၊ နေပြည်တော်လွှတ်တော် တို့အထိ ရောက်ရှိ လာခဲ့သည်။

ခွင့်ပြုချက်မရှိဘဲ ဒီရေတော ဧက ထောင်ချီ အပြောင်ရှင်းနေသည်ကို မည် သည့်အချိန်တွင် တားမြစ်ပြီး အမြန်ဆုံး အရေးယူသွားနည်းဟု ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျွန်းစု လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြည်ထောင်စုအစိုးရကို မေးခွန်းထုတ်ခဲ့ သည်။

ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေး မြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၂ ခုက ခွင့်ပြုချက်မရှိဘဲ ဧက ထောင်ချီရှိ ဒီရေတောများကို သတ်နေ၊ အပြောင်ရှင်း နေကြောင်း ဦးဇော်ဟိန်းက လွှတ်တော် တွင် ပြောခဲ့သည်။

မေးခွန်းကို လာရောက်ဖြေဆိုသည့် ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်ကလည်း ထိုကုမ္ပဏီ ၂ ခုတွင် မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုထားမှု မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း ပုစွန်မွေးမြူရေးယာယီလိုင်စင် လျှောက်ထားမှုမရှိသေးသည်ကို စိစစ် တွေ့ရှိရကြောင်း လွှတ်တော်တွင် ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ကလည်း ခွင့်ပြုထားမှု မရှိသေးဟု ဝန်ကြီးက ဖြေသည်။

ဝန်ကြီးဖြေဆိုမှုများအရ ဒီရေတော များကို ခွင့်ပြုချက်မဲ့ ရှင်းလင်းနေကြခြင်း ဖြစ်သည်။

“သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်မရှိဘဲ ဆောင်ရွက်ခဲ့ပါက ၎င်းစီမံကိန်း ကို အမြန်ဆုံးရပ်ဆိုင်းတားမြစ်ပေးရန် အစီအစဉ်ရှိမရှိနဲ့ ထိရောက်သော အရေး ယူမှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါတယ်”ဟု ဝန်ကြီး ဖြေဆို အပြီးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ထပ်မံ မေးခွန်းထုတ်သည်။

ဦးဇော်ဟိန်းက ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဒီရေတော အပြောင်ရှင်းနေသည့်နေရာများသို့ ကွင်းဆင်းခဲ့ပြီး ဓာတ်ပုံမှတ်တမ်းများ ရယူကာ လွှတ်တော်တွင် တင်ပြခဲ့သည်။

ဝန်ကြီးကမူက တိုင်းအစိုးရနှင့် သယံဇာတဝန်ကြီးဌာနတို့ ဆက်လက် စိစစ်စစ်ဆေးသွားမည်ဖြစ်ပြီး အကယ်၍ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ထားပါက ဥပဒေ လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည် ဟုသာ ပြန်လည်ဖြေဆိုသည်။

မည်သည့်အချိန်တွင် ဆက်လက် စစ်ဆေးမည်ကိုမူ မဖြေဆိုခဲ့ပေ။

၂၀၁၉ ခုနှစ် ဧပြီလ ၈ ရက်တွင်မူ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တွင် ကျွန်းစုကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ဒီရေတော အပြောင်ရှင်း သည့်ကိစ္စ မေးခွန်းထုတ်ပြန်သည်။

သက်ဆိုင်ရာဌာနများ၏ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဒီရေတောများကို အပြောင်ရှင်း၍ ပုစွန်မွေးမြူရေး စီမံကိန်း ကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့်ကုမ္ပဏီများကို တိုင်းအစိုးရအနေ ဖြင့် ထိရောက်ပြတ်သားစွာ အရေးယူရန် အစီအစဉ်ရှိ/ မရှိ ဒေါက်တာထူးနေအောင် က မေးမြန်းခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်း၌ ပြည်ဖြိုး ထွန်းကုမ္ပဏီနှင့် ခိုင်ဇင်ယော်ကုမ္ပဏီတို့ သည် ဒီရေတောဧကပေါင်းများစွာကို ခွင့်ပြုချက်မရှိဘဲ အပြောင်ရှင်းထားပြီး ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းကို လက်ရှိ အချိန်ထိ လုပ်ဆောင်နေကြောင်း ဒေါက်တာ ထူးနေအောင်က ပြောဆိုခဲ့သည်။

ဒီရေတောအပြောင်ရှင်းထားသည့်ကိစ္စကို အခုချိန်မှကွင်းဆင်း စိစစ်မည် ဆိုပါက မြေပြင်အခြေအနေတွင် ပြောင် တလင်းခါသွားနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ပြောသည်။

အဆိုပါ မေးမြန်းချက်ကို တိုင်း အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက သက်ဆိုင်ရာဌာနများအား ကွင်းဆင်း စိစစ်စေပြီး ဥပဒေနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ကိစ္စရပ်များတွေ့ရှိပါ က သက်ဆိုင်ရာဥပဒေနှင့်အရေးယူမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဝန်ကြီးကိုယ်တိုင်ကွင်းဆင်းမယ်ဆိုရင် ဟိုမှာ ပုစွန်အပွကြော်နဲ့ ဧည့်ခံတဲ့ အခြေအနေအထိ ရောက်သွားမှပဲ အရေး ယူလို့ ရမယ့်အခြေအနေဖြစ်နေပါတယ်”ဟု ဒေါက်တာထူးနေအောင်က ပြောခဲ့သည်။

ပြည်ထောင်စုဒုတိယဝန်ကြီးက အရေးယူမည်ဟု ဖြေကြားထားသော် လည်း တိုင်းအစိုးရအဖွဲ့ဝန်ကြီးက ယခု အချိန်မှ ကွင်းဆင်းစစ်ဆေးမည်ဟု ဖြေ ကြားသည့်အပေါ် ဒေါက်တာထူးနေအောင် က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဥပဒေနှင့် မညီသကဲ့သို့ သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်လည်းမရှိဘဲ ယင်း ကဲ့သို့ လုပ်ငန်းကြိုတင်ခွင့်ပြုထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်ရှိ/ မရှိကို ဒေါက်တာထူးနေအောင်က ထပ်မံ မေးမြန်းခဲ့သည်။

လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်း များကို ရပ်ဆိုင်းထားစေမည်ဖြစ်ပြီး ခွင့် ပြုချက်ရရှိမှသာ ပြန်လည်လုပ်ကိုင်စေ မည် ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ဒီရေတောကို မထိပါ

ခိုင်ဇင်ယော်ကုမ္ပဏီ၏ တာဝန်ရှိသူ ဦးစမ်းမောင်ကမူ ဒီရေတောက အနည်း ငယ်သာရှိပြီး ဒေသခံများ ခုတ်ပြီး ကျန် သည့် ဒီရေတောကိုသာ ရှင်းခဲ့ခြင်းဖြစ် ကြောင်း ပြောဆိုထားသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ တာဝန်ရှိသူ များကလည်း ဒီရေတောများ အပြောင်ရှင်း သည်ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုသည်။

၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့က ပြည့်ဖြိုးထွန်းကုမ္ပဏီက ကျွန်းစုမြို့နယ် အတွင်း ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ တိုင်းလွှတ် တော်တွင် တင်ပြရှင်းလင်းခဲ့သည်။

ရှင်းလင်းပွဲအပြီးတွင် တိုင်းဒေသ ကြီး လွှတ်တော်ကမူ ခွင့်ပြုချက်မရှိဘဲ ဒီရေတောများ ရှင်းလင်းကာ ပုစွန်မွေးမြူရေး စီမံကိန်း လုပ်ဆောင်နေမှုကို ရပ်နားထား သင့်သည်ဟု တနင်္သာရီ သဘောထား မှတ်ချက် ပေးလိုက်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောဆိုသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကျွန်းစု မြို့နယ် ကတ္တလူပုစွန်မွေးမြူရေးစခန်း မန်နေဂျာ ဦးကျော်လင်းကမူ ယင်းပုစွန် မွေးစခန်းနေရာမှာ လုပ်ငန်းမလည် ပတ်ခင်က လယ်ပျက်/ တောပြုန်းများသာ ဖြစ်ပြီး ဒေသခံများထံမှ ကာလပေါက် ဈေးဖြင့် ဝယ်ယူလုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ယခုအချိန်တွင်လည်း ၄၁၅ ဧက ခွင့်ပြုမိန့်ကျထားပြီးဖြစ်ကာ နောက် ဧက ၃၀ ထပ်လျှောက်ထားကြောင်း ပြောသည်။


“ဒီရေတော မထူဘဲ တောပြုန်း လယ်ပျက်တွေကိုပဲ ဦးစားပေးရွေးချယ်ပြီး လုပ်တာပါ”ဟု ဦးကျော်လင်းက ပြောသည်။

လုပ်ငန်းအတွက် အသုံးမပြုသည့် နေရာများတွင်လည်း ဒီရေတော အစား ထိုးပြန်စိုက်နေပြီး ဒေသခံတို့ သားငါး ရှာဖွေခွင့်ကို ပိတ်ပင်ခြင်းမရှိဟု ၎င်းက ပြောသည်။

ကတ္တလူရွာသားတို့ကမူ ပြည့်ဖြိုး ထွန်းကုမ္ပဏီက လုပ်ငန်းထပ်တိုးချဲ့လာ ပြီး ဒီရေတောများ ထပ်မံသိမ်းယူသွား မည်ကို စိုးရိမ်နေကြသည်။

သို့ကြောင့် ယင်းပုစွန်မွေးစခန်းမှ လုပ်ပိုင်ခွင့်ရနေရာပြင်ပ ဒီရေတောများ ကို ကျေးရွာအစုအဖွဲ့ပိုင်(CF)အဖြင့် ထိန်းသိမ်းလိုကြောင်း ပြောကြသည်။

သို့ကြောင့် ၂၀၁၇ ခုနှစ်မှစ (CF)လျှောက်ထားကြသော်လည်း လျှောက် ထားမြေတို့က ပြည့်ဖြိုးထွန်းကုမ္ပဏီ မြေနှင့် မလွတ်မကင်း ဖြစ်နေသည်ဟု ဆိုကာ ခုထိ ကြန့်ကြာနေကြောင်း ပြော ကြသည်။

“ကုမ္ပဏီက ဝယ်ထားတဲ့ဧရိယာမှာ ပဲ လုပ်ပါပေါ့။ သူတို့ဟာကို ဖယ်ပြီးကျန်တာကို CF ချပေးစေချင်တယ်ပေါ့”ဟု ရွာသားတစ်ဦးက ပြောသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ နောက် ထပ် ပုစွန်မွေးမြူရေး စီမံကိန်းတစ်ခုဖြစ် သော ကျွန်းစုမြို့နယ် မိန်းကြီးကျွန်း ရေချိုချောင်းကျေးရွာအနီးရှိ လျှောက် ထားဆဲ ဒီရေတောမြေဧက ၃၆၀ တွင် လည်း သုံးပုံ ၂ ပုံကျော်ကို အပြောင် ရှင်းလင်းခြင်း၊ ခုတ်ထွင် သင်းသတ်ခြင်း များ ပြုလုပ်ထားသည်ကို တွေ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောဆိုထားသည်။

အစုအဖွဲ့ပိုင်လျှောက်ပါ၊ သို့သော်…

တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးကလည်း ဒီရေတောများကို ထိန်းသိမ်းရာတွင် ဒေသခံများကို အစု အဖွဲ့အပိုင်ချထားပေးခြင်းနည်းဖြင့် ထိန်း သိမ်းနေကြောင်း ဝန်ခံသည်။

အကယ်၍ အစုအဖွဲ့ပိုင် သစ်တော (CF) လျှောက်ထားလာပါက ဌာနကို ကွင်းဆင်းစိစစ်ခိုင်းပြီး ယင်းသို့ စိစစ်ရာ တွင် မြေပြင်တွင် ပိုင်ဆိုင်မှု အငြင်းပွား ခြင်း မရှိရန်လိုအပ်ကြောင်း ဝန်ကြီး ဦးလှထွေးက ပြောသည်။

“CFတွေ ချထားပေးပြီး ဒေသခံ ပြည်သူတွေကိုယ်တိုင် ထိန်းသိမ်းတဲ့ နည်းလမ်းတွေ အသုံးပြုကာကွယ်နေပါ တယ်။ တချို့က အစုအဖွဲ့ပိုင် လျှောက် ထားပေမဲ့ မြေပြင်မှာ ဓားမဦးချ စိုက် ထားတာတွေ ရှိတယ်။ ဒါမျိုးတွေဆို ခွင့်ပြုပြီး ချန်လှပ်ပေးတာတွေ ရှိတယ်” ဟု ဦးလှထွေးက ပြောသည်။

အစိုးရက အစုအဖွဲ့ပိုင် ဒီရေတောများ ချထားပေးနေသော်လည်း အစုအဖွဲ့ ပိုင် ဒီရေတောများကို အစိုးရက အထောက်အပံ့ပေးမှုမှာ အားရဖွယ်မရှိလှပေ။

အစုအဖွဲ့ပိုင် ဒီရေတော ဧက ၂၀၀ ထိန်းသိမ်းထားသည့် ကော့သောင်းမြို့ နယ် အောင်ဘာကျေးရွာတွင် အစုအဖွဲ့ ပိုင်လက်မှတ် ရပြီးသည့် ၂၀၁၆ ခုနှစ်မှ အစ အစိုးရက ဆိုလာမီးတစ်စုံသာ ထောက်ပံ့ပေးကြောင်း အောင်ဘာ အစု အဖွဲ့ပိုင်ဒီရေတောထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“ကျွန်တော်တို့ကလည်း ဒီရေတော ကို ငွေရရှိဖို့အတွက် ရည်ရွယ်ထားတာ မဟုတ်ဘူး။ ဒီထက်မက လုပ်ကိုင်နိုင် အောင်ပေါ့။ ဖြစ်စေချင်တာပေါ့နော်။ ချောင်းတွင်းထဲမှာ အချိန်မရွေး သွားလာ နိုင်တဲ့ လှေငယ်လေးတစ်စီး ကူညီပေး မယ်ဆိုရင် ကောင်းတာပေါ့။ ဒီထက်မက တိုးချဲ့ပြီးတော့ ထိန်းသိမ်းလို့ရတာပေါ့ ခင်ဗျ”ဟု ဦးတင်ဦးက ပြောသည်။

လှေကို အသာထား။ နိုင်ငံတော်က ချေးငွေ ထုတ်ပေးရန်ပင် အစီအစဉ် မရှိ သေးပေ။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က CF လုပ်ကိုင်ခွင့် လက်မှတ်ရပြီးသူများ အား နိုင်ငံတော်မှ ထိုက်သင့်သည့်ချေးငွေ ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ခဲ့ဖူးသည်။

လတ်တလောတွင် အစီအစဉ် မရှိ သေးကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်ဖြေခဲ့သည်။

အကယ်၍ နိုင်ငံတော်မှ သင့်တင့် သည့် ချေးငွေများ ထုတ်ချေးမည်ဆိုပါက CF လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများ အလုပ်လုပ်ကိုင်ရန်နှင့် သစ်တော သယံဇာတကို ထိန်းသိမ်းရန် ပိုမို အင်အား ဖြစ်လာပြီး CF လျှောက်ထား လာကြရန်လည်း ပိုမိုစိတ်ပါဝင်စားလာ ကြမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်အတွင်း CFလုပ်ငန်းများ ပေါ်ထွန်းရေး လိုက်လံကူညီဆောင်ရွက်ပေးနေသည့် ကိုမျိုးဇော်ဦးက ပြောသည်။

“ခုက သစ်တော ထိန်းချင်လို့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ လုပ်နေကြတာ။ ချေးငွေ ထုတ်ပေးရင် သူတို့လုပ်နေတာ နိုင်ငံတော်က အသိ အမှတ်ပြုတယ်ဆိုပြီး အားရှိလာကြ၊ ပိုလုပ်လာကြမှာပေါ့ဗျာ”ဟု ကိုမျိုးဇော်ဦး က ပြောသည်။

သစ်တောဌာန ဘာတွေလုပ်

တနင်္သာရီတိုင်းအတွင်း ၂၀၁၉ စက်တင်ဘာလအထိ အဖွဲ့ ၂၁ ဖွဲ့ကို ဒေသခံစုအဖွဲ့ပိုင်သစ်တော (MIC) ဧက လေးထောင်ကျော်(၄၇၂၉) တည်ထောင် ခွင့်လက်မှတ် ထုတ်ပေးထားပြီး ဖြစ် ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှတ်တမ်းများတွင် ဖော်ပြသည်။

နောက်ထပ် ၃၃ ဖွဲ့၊ ဧရိယာ ဧက တစ်သောင်းကျော်(၁၃၀၈၃ ဒသမ ၃၇ ဧက) လျှောက်ထားလာမှုကိုလည်း ဌာန က စိစစ်နေကြောင်း သိရသည်။

ဌာနအနေဖြင့်လည်း ဒီရေတော ၁၄ ခု၊ ဧကနှစ်သိန်းကျော် (၂၂၈၃၄၈ ဒသမ ၉၉ ဧက)ကို ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအဖြစ် ဖွဲ့စည်းထိန်းသိမ်း ထားပြီး နောက်ထပ် ကြိုးဝိုင်/ကြိုးပြင် ကာကွယ်တောများ ထပ်ဖွဲ့စည်းနေ ကြောင်း သစ်တောမှတ်တမ်းတွင် ဖော်ပြ သည်။

“ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတု ပြောင်းလဲမှု နှင့် အညီလိုက်လျောညီထွေ ရပ်တည် နေထိုင်နိုင်ရန်အတွက် ဒီရေရောက် သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်း (FDCCA) စီမံကိန်း” ဖြစ်လည်း ဒီရေတောများကို ထိန်းသိမ်း နေကြောင်း တိုင်းဒေသကြီးသစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေချစ်က ပြောသည်။

လက်ရှိတွင် ဒီရေတော ခိုးခုတ်နေ သည်များ၊ နယ်စပ်ဖြတ်ကျော် ခိုးသယ် နေသည်များကို တပ်မတော်(ရေ)၊ ဆက်စပ် ဌာနများနှင့် ဒေသခံများပူးပေါင်း ထိန်း ချုပ်နေပြီး နယ်စပ်ထွက်ပေါက်များတွင် လည်း သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖြတ်သန်းသယ်ယူခွင့် ပိတ်ထားကြောင်း ဦးဖေချစ်က ပြောသည်။

သို့သော် ဝန်ထမ်းအင်အားအရ နယ်စပ်ထွက်ပေါက်များတွင် သစ်တော ဝန်ထမ်း ချထားနိုင်ခြင်းမရှိဘဲ နယ်စပ် ထွက်ပေါက်ရှိ ဆက်စပ်ဌာနများ ဖမ်းဆီး ပေးမှ မိရနေကြောင်း ၎င်းက ပြောသည်။

အချို့ဒီရေတောမြေနေရာများ အရောင်းအဝယ်ပြုနေသည်ဆိုသည့် သတင်းများအပေါ် ဦးဖေချစ်က အောက်ပါအတိုင်း မှတ်ချက်ပြုသည်

“သစ်တောမြေဆိုရင်တော့ ရောင်းလို့ မရဘူး။ CFလုပ်ပိုင်ခွင့် ပေးလို့ရတယ်။ အခြားဌာနရဲ့ဟာတွေကကျတော့ ရောင်း လို့ မရဘူးလား။ ရလားဆိုတာကိုတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ ကျွန်တော်တို့က မြေကို စီမံခန့်ခွဲခွင့် မရှိဘူး။ သစ်တောဌာနပိုင်မြေ မဟုတ် တဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေအရပဲ သူတို့ဌာနတွေကို မေးမှပဲ အဆင်ပြေမယ်။ ဒီရေတောရှိနေလို့ ဒီရေတောတွေကို ခုတ်နေပါတယ် ပြောလို့ရှိရင် ဒါတွေ ခုတ်လို့ မရဘူး။ တားဆီးရမယ့်တာဝန် ကျွန်တော်တို့မှာ ရှိတယ်။ သစ်ပင်ပေါ်မှာပဲ တားဆီးရမယ့် တာဝန်ရှိတယ်”

တနင်္သာရီတိုင်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ဒီရေတော အကောင်းဆုံး ဖြစ်ပြီး အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ပူးပေါင်း ထိန်းကျောင်းခြင်း၊ စိုက်ပျိုးခြင်း တို့ကြောင့် ဒီရေတောလည်း တိုးပွား လာနေကြောင်း ဦးဖေချစ်က ပြောသည်။

“တနင်္သာရီတစ်တိုင်းလုံးကို စိစိငင ကျွန်းတွေကော သွားလို့ရှိရင် အဲဒီမှာ ဒီရေတောတွေ ဘယ်လောက် ကောင်း နေတယ်ဆိုတာ တွေ့လိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဒေသခံတွေ ဘာဆက်လုပ်မလဲ

မည်သို့ဆိုစေ ကုမ္ပဏီအချို့နှင့် လူတချို့ကမူ အကြောင်းပြချက်အမျိုးမျိုး ဖြင့် ဒီရေတောများကို ခုတ်နေကြဆဲပင် ဖြစ်သည်။

ဒီရေတောဆက်စပ်နေရာအချို့ တွင် မွေးမြူရေးလုပ်ငန်း၊ ငါးလေလံဈေး လုပ်ငန်းများ လုပ်ကိုင်ရန် ခုတ်ထွင်မှု အချို့ ရှိနေသည်ဟု ကြားသိရပြီး ခွင့်ပြု ချက်ရမရနှင့် ခွင့်ပြုချက် ပေးပါက မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း သစ်တောဥပဒေ စိုးမိုးမှု အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် (Forest Law Enforcement Governance Trade -FLEGT Myanmar) ၏ နိုင်ငံအဆင့်ကိုယ်စားလှယ် ဦးဇော်သူရ က ပြောဆိုထားသည်။

ဒီရေတောဆိုသည်မှာ ဒီရေတော ပင်ကြီးများ ပေါက်နေသည့်နေရာကိုသာ ခေါ်ဝေါ်ခြင်းမဟုတ်ဘဲ ကုန်းမြေဆက်စပ် ဒီရေတောများလည်း အကျုံးဝင်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဒီရေတော များသည် ဒေသခံတို့ ဝမ်းစာရေး မှီခို နိုင်သည့်နေရာ ဖြစ်သကဲ့သို့ သဘာ၀ ဘေးကို အကာအကွယ်ပြုပေးနိုင်သော သဘာ၀တရား၏ အဖိုးမဖြတ်နိုင်သော လက်ဆောင်ဖြစ်သောကြောင့် မွေးမြူရေး လုပ်ရန်အကြောင်းပြကာ ဒီရေတောများ အပြောင်ရှင်းနေသည်မှာ နားမလည်နိုင် ဖြစ်ရသည်ဟု ဦးဇော်သူရက ပြောဆို ထားသည်။

တစ်ရွာလုံးက ဟိန္ဇဲချောင်းအတွင်း ငါးဖမ်းခြင်းလုပ်ငန်း၊ ဒီရေတောအတွင်း အကောင်ဗလောင် ဖမ်းဆီးရောင်းချခြင်း ဟိန္ဇဲချောင်း၀ရှိ ပသျှူးရေရွာကမူ “ဒီရေတော မရှိ၊ ပသျှူးရေရွာမရှိ”ဟု ခံယူချက် ဖြင့် သူတို့ရွာရှိ ဒီရေတောကို စည်းကမ်း ချက်များ သတ်မှတ်ကာ ကိုယ်ထူကိုယ်ထ ထိန်းသိမ်းနေကြသည်။

ချောင်းတစ်ဖက်ကမ်းတွင် ဒီရေ တော ခုတ်နေသည်ဟု ကျော်ကြားနေရာ ပသျှူးရေရွာသားတို့က သူတို့ရွာဒီ ရေတောကို တရားဝင် ထိန်းလိုသည်။

သူတို့အနေဖြင့် ကျေးရွာအစုအဖွဲ့ ပိုင် ဒီရေတောအဖြစ် အစိုးရထံ တရားဝင် လျှောက်ထားကာ ထိန်းသိမ်းလိုသော် လည်း ရွာမှ မြို့သို့ တစ်ခေါက်သွားရန်မှာ အလှမ်းဝေးလှသဖြင့် အခက်အခဲရှိကြောင်း ပြောဆိုကြသည်။

ကော့သောင်းမြို့နယ် ပါချန်မြစ် ကမ်းမှ ကိုနေဇော်တို့ ဝဲငယ်ရွာကတော့ ဝဲငယ်အစုအဖွဲ့ပိုင် ဒီရေတောအဖြစ် ၇၅ ဧက ထိန်းသိမ်းရန် အရပ်ဘက်အဖွဲ့ အစည်းအချို့၏ အကူအညီဖြင့် လျှောက် ထားပြီးပြီ ဖြစ်သည်။

ဌာနမှ ကွင်းဆင်းဆဲဖြစ်သည့် ထိုဒီရေတောတွင် ကိုနေဇော်က အဖွဲ့ဝင်။

သူတို့ရွာသားတို့ ဝမ်းစာရှာရမည့် ဒီရေတောကို သူတို့ကိုယ်တိုင် ထိန်းရန် တာစူနေကြသည်။ ကော့သောင်းကမ်း စပ်များသို့ ရောက်နေသည်ဆိုသော ဒီရေ တော သစ်လုံးများထဲ သူတို့ရွာဒီရေတော ပင်များ အပါမခံလိုကြ။

သားသမီး ၄ ဦးကို ကျောင်းပို့နေ သည့် ကိုနေဇော်အတွက်လည်း ဒီရေတောက မရှိမဖြစ်။

နေ့ဘက် ကမာငုတ်၊ ပကန်းနှိုက်၊ ကမာ၊ ကဏန်း၊ ခရုညိုမွေးရန် ဒီရေတော လိုသည်။

သူ့ဖားလှေလေးဖြင့် ညဘက် ကဏန်း ဖမ်းထွက်ရန် ဒီရေတော လိုသည်။

သူတို့အား သူတို့ကိုးကာ ဒီရေတောကို သူတို့ ထိန်းမည်။

မင်းခန့်