တနင်္သာရီ အမျိုးသမီဘောလုံးအသင်း ကစားသမားအင်အားမပြည့်ဘဲ ပြိုင်ပွဲဝင်နေရ

0
841

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော တနင်္သာရီ တိုင်း အသင်းသည် လက်ရှိတွင် ကစား သမား အင်းအားအပြည့်မရှိဘဲ ပြိုင်ပွဲဝင် နေရကြောင်း ယင်းအသင်းအုပ်ချုပ်သူ ဦးခင်မောင်ဌေးက ပြောသည်။

တနင်္သာရီအမျိုးသမီးအသင်းသည် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ အားကစားသမား ၁၉ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည်။

ရန်ကုန်တိုင်းအသင်းနှင့် ယှဉ်ပြိုင် ရမည့် ကွားတာဖိုင်နယ်ပွဲစဉ်အရောက် တွင် တနင်္သာရီအသင်းမှ ကစားသမား ၁၉ ဦးအနက် ၈ ဦးမှာ စာမေးပွဲဖြေရန် အတွက် နေရပ်ကိုပြန်လာခဲ့ကြသဖြင့် ကွားတာဖိုင်နယ်ကို လူစားလဲမည့်သူ မရှိဘဲ ကစားမား ၁၁ ဦးဖြင့်သာ ယှဉ်ပြိုင် ခဲ့ရကြောင်း ဦးခင်မောင်ဌေးက ပြော သည်။

သို့သော် ယင်းပြိုင်ပွဲတွင် တနင်္သာရီ အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းအသင်းကို အနိုင်ယူကာ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သည်။

အကြိုဗိုလ်လုပွဲကို မတ်လ ၁ ရက် တွင် ကျင်းပမည်ဖြစ်ပြီး စာမေးပွဲဖြေရန် ပြန်သွားသည့် ကျောင်းသူ ၈ ဦးအနက် စားမေပွဲဖြေပြီးသွားသော သတ္တမတန်း ကျောင်းသူ ၃ ဦးကို အကြိုဗိုလ်လုပွဲ မတိုင်မီ ပြန်လည်ခေါ်ယူထားကြောင်း ဦးခင်မောင်ဌေးက ပြောသည်။

“အခုအနေအထားဆိုရင် တော် တော်ရုန်းရတော့မှာ။ ကိုးတန်းကလေး တွေကလဲ စားမေးပွဲနဲ့ဆိုတော့ ပြန်ခေါ် လို့ မရတော့ဘူးလေ”ဟု ၎င်းက ဆိုသည်။

အကြိုဗိုလ်လုပွဲတွင် တနင်္သာရီ တိုင်းနှင့် ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အနိုင်ရနှစ်သင်းက ဗိုလ်လု ပွဲကစားရမည်ဖြစ်သည်။

တနင်္သာရီတိုင်း အသက် ၂၅ နှစ် အောက် အမျိုးသမီးအသင်းအတွက် ထားဝယ် တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ် တို့မှ ကစားသမားများကို ခေါ်ယူခဲ့သော်လည်း ကျောင်းတွင်း ဘော်လီဘော ပြိုင်ပွဲတို့နှင့် တိုက်ဆိုင်နေခြင်းကြောင့် ပါဝင်နိုင်ခဲ့ ခြင်းမရှိကြောင်း ဦးခင်မောင်ဌေးက ပြောသည်။

ယင်းပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပနေခြင်း ဖြစ်သည်။

ကျော်သူစိုး