အမှိုက်အသိပညာပေး ဇာတ်လမ်းတို ရုပ်ရှင်ရုံတွင်ပြ

0
979

စွန့်ပစ်အမှိုက်ကိစ္စများအရေး ဆောင်ရွက်ရန်အတွက် ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည့် Clean Dawei အဖွဲ့ မှ ရိုက်ကူးထားသော အသိပညာပေး ဇာတ်လမ်းတိုကို ဖေဖော်ဝါရီလ ပထမ အပတ်မှစတင်ကာ အောင်မင်္ဂလာ ရုပ်ရှင်ရုံတွင် ပြသနေပြီဖြစ်သည်။

စက္ကန့်သုံးဆယ်ခန့်သာ ကြာမြင့် သည့် ယင်းအမှိုက်အသိပညာပေး ရုပ်သံ ဇာတ်လမ်းတိုကို လူတိုင်း စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အထ ဖြစ်ပေါ် လာစေရန် ရည်ရွယ် ပြသနေခြင်းဖြစ် ကြောင်း Clean Dawei အဖွဲ့မှ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။

“လူကြီး၊ လူငယ်မရွေး အဓိက ကတော့ ကလေးတွေပေါ့လေ။ အမှိုက်နဲ့ ပတ်သက်ပြီး အမှိုက်ပုံထဲ ဝင်အောင်ပစ် ရမယ်ဆိုတဲ့အသိ ဝင်လာအောင်ပါ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတိုတွင် လူကြီးတစ်ဦးက စည်းကမ်းမဲ့ လမ်းပေါ် စွန့်ပစ်လိုက်သည့် အမှိုက်တစ်စကို မူလတန်းအရွယ် ကျောင်းသူသုံးဦးက ကောက်ယူကာ အမှိုက်ပုံထဲစွန့်ပစ်လိုက် သည်ကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

“ဒီဇာတ်လမ်းကြည့်တော့ အမှိုက် ကို နီးတဲ့နေရာပစ်နေရင် ရှက်စရာ ကောင်းတယ်ပေါ့။ ကလေးတွေလောက်တောင် အသိမရှိရင် မကောင်းဘူးဆိုပြီး စိတ်ထဲဖြစ်မိတယ်”ဟု ထားဝယ်တက္ကသိုလ် မှ ကျောင်းသူတစ်ဦးက ပြောသည်။

ယင်းရုပ်သံဇာတ်လမ်းပြသရန် အတွက် အခကြေးငွေမယူဘဲ အောင်မင်္ဂလာ ရုပ်ရှင်ရုံက ပြသခွင့်ပြုထားခြင်းဖြစ်ကြောင်း Clean Dawei အဖွဲ့ထံမှ သိရ သည်။

ကျော်သူစိုး