ယိုးဒယား-ဗမာစစ်ပွဲများ

0
418

သမိုင်းကိုလေ့လာတဲ့အခါ ခေတ်ပြိုင် မှတ်တမ်းများက အရေးပါလှတယ်။ ပြီး တော့ သမိုင်းမှာပါဝင်ပတ်သက်သူများရဲ့ မှတ်တမ်းတွေ၊ အမြင်တွေကလည်း အရေး ကြီးပါတယ်။

တနင်္သာရီတိုင်းအတွင်း မှာရှိတဲ့ ထားဝယ်နဲ့ တနင်္သာရီသမိုင်းတွေ ကို လေ့လာတဲ့အခါ အကြောင်းကြောင်း ကြောင့် ရှေးမှတ်တမ်းတွေ နည်းပါးပါ တယ်။ ဒီမှတ်တမ်းတွေကို ရေးသားခဲ့တဲ့ ဆရာကြီးတွေကို အထူးကျေးဇူးတင်မိ တယ်။ သူတို့ကျေးဇူးကြောင့် နောင်လာ နောက်သားတွေ ပြောစရာ၊ ဆွေးနွေးစရာ ရှိစေခဲ့တယ်။ ဒီလိုပါပဲ နိုင်ငံတွင်းက အထူးသဖြင့် မှတ်တမ်းများစွာ ကျန်ခဲ့တဲ့ ဗမာမှတ်တမ်း၊ မွန်မှတ်တမ်း၊ ရခိုင်မှတ် တမ်းတွေသာမက အနောက်နိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ မှတ်တမ်းတွေဟာ အရေးပါလှတယ်။

အထူးသဖြင့် ရှမ်းလို့ ဒေသသားတွေ ခေါ်တဲ့ ထိုင်းမှတ်တမ်းတွေပါ။ ဗမာမှတ် တမ်းတွေအရ ရှေးအခေါ်က ယိုးဒယား ဖြစ်ပါတယ်။ ထိုင်းမှတ်တမ်းတွေထဲက ၁၉၁၈ခုနှစ်မှာ မင်းသားကြီးဒမ်ရောင်းရေးတဲ့ Our wars with Burmese (Thai-Burmese Conflict 1539 1767 ) နာမည်ကြီးလှတယ်။ ယိုးဒယား-မြန်မာ စစ်ပွဲတွေအကြောင်းကို ဗမာမှတ်တမ်းတွေ မှာ အတော်ပြည့်စုံအောင် လေ့လာနိုင် သလို ယိုးဒယား(ထိုင်း)တို့ရဲ့အမြင်ကို လေ့လာဖို့ အလွန်ကောင်းတဲ့စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ကို ၁၉၁၈ခုနှစ် ချူလာ လောင်ကွန်ဘုရင်ကြီးရဲ့ မိဖုရားချောင် ချွမ်မန္ဒဝါ(ဒ)နတ်ရွာစံတဲ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေပါတယ်။ မင်းသားကြီး ဒမ်ရောင်းက မူရင်းထိုင်းဘာသာနဲ့ ရေးသားပြီး သူနဲ့ခင်မင်တဲ့ ဗမာပြည် တောင်ငူက ဦးအောင်သိန်း (ဖရဖရိုင် စောင်စလရက်)က အင်္ဂလိပ်လို ဘာသာ ပြန်ပါတယ်။ ဒီအင်္ဂလိပ်လို ဘာသာပြန် ပြီး ဆီလျော်ကောက်နုတ်ချက်ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၃၀ အပိုင်း ၂ က စပြီး တပင်ရွှေထီး၏ ယိုးဒယားစစ်ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါ တယ်။

အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ဒီစာအုပ်ကိုပဲ ဗိုလ်မှူးဘရှင်က စစ်ပညာ ဂျာနယ်မှာ အခန်းဆက်ရေးသားခဲ့ပြီး ယိုးဒယား-မြန်မာစစ် နံမည်နဲ့ ၂၀၁၆ ခုနှစ်မှာ စာအုပ်ထုတ်တယ်။ ကိုကိုလေးက ယိုးဒယား-ဗမာစစ်ပွဲသမိုင်း အမည်နဲ့ ၂၀၁၇ခုနှစ်မှာ စာအုပ်ထုတ်ပါတယ်။ ဗိုလ်မှူးဘရှင်က အစအဆုံးဘာသာပြန် တာမဟုတ်ဘဲ ကောက် နုတ်ချက်ထုတ်ပြီး စစ်ဘက်အတွက် လေ့လာနိုင်ဖို့ ရည်ရွယ် ရေးခဲ့တယ်လို့ တွေးမိပေမယ့် ကိုကိုလေး ကတော့ အစအဆုံး ဘာသာပြန်ပါတယ်။

ဗိုလ်မှူးဘရှင်ရဲ့စာအုပ်အရ ယိုးဒယား -မြန်မာစစ်ပွဲပေါင်း (၄၄)ကြိမ် ဖြစ်တယ်။

ယိုးဒယားရာဇဝင်အရ အယုဒ္ဓယခေတ်မှာ (၂၄)ကြိမ် ဖြစ်တယ်။ ကရုန်ဓနပုရိနဲ့ ကရုန်ရတနကောစင် (ဗန်ကောက်)ခေတ် မှာ ၂၀ ကြိမ် ဖြစ်တယ်။ ဒီ စစ်ပွဲ ၄၄ ကြိမ်မှာ အကြီးအကျယ်စစ် ၂ ကြိမ် ဖြစ်တယ်။ ပထမအကြိမ်စစ်ကြီးကာလကို ၅၇ နှစ် ကြာတယ်။

ဟံသာ၀တီမင်း ၃ ပါး ဖြစ်တဲ့ တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့ နန္ဒ ဘုရင်လက်ထက်လို့ ဆိုတယ်။ ဒုတိယ စစ်ကြီး ကာလကိုတော့ နှစ် ၅၀ကြာတယ်။ အဝ(အင်း၀)ဘုရင် ၃ ပါးဖြစ်တဲ့ အလောင်း မင်းတရားကြီး၊ ဆင်ဖြူရှင်နဲ့ ဘိုးတော် လက်ထက်တွေလို့ တွေ့ရတယ်။ စစ်ကြီး ကာလနှစ်ကြိမ်လုံးမှာ ဘုရင့်နောင် မင်းတရားကြီးနဲ့ ဆင်ဖြူရှင် မင်းလက် ထက်တွေမှာ မြန်မာတွေက အယုဒ္ဓယမြို့ တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒုတိယ အကြိမ် အနိုင်ရပြီးတဲ့အခါ နှစ်ပေါင်း ၄၀၀ ကျော်တည်တံ့ခဲ့တဲ့ အယုဒ္ဓယခေတ် ကို အဆုံးသတ်စေ ခဲ့တယ်။ ဒီစစ်ပွဲ ၄၄ ထဲက ကျန်တဲ့ စစ်ပွဲတွေမှာ မြန်မာတို့က ၁၉ ကြိမ် အရေးနိမ့်တယ်။ ဒါမှမဟုတ် တပ်ခေါက်ပြန်ခဲ့ရတယ်။ ယိုးဒယား ရာဇဝင်ကျမ်းများရဲ့ ဖော်ပြချက်အရ မြန်မာ နယ်မြေကို ယိုးဒယားတို့က ထိပါးတဲ့ အတွက် စစ်ပွဲ ၁၆ ကြိမ် ဖြစ်တယ်။

စစ်ပွဲ ၄၄ ကြိမ်ဖြစ်တယ်လို့ တွေ့ရ သော်လည်း အခုဘာသာပြန်စာအုပ် ၂ အုပ်လုံးမှာ စစ်ပွဲ ၂၄ ကြိမ် အကြောင်းပဲ တွေ့ရတယ်။ ကျန်စစ်ပွဲ ၂၀ ကိုတော့ ဘာသာပြန်ဖို့ ကျန်နေသေးတဲ့ မူရင်း ဒုတိယတွဲ ကျန်နေတယ်လို့ တွေးမိတယ်။ စစ်ပွဲ ၂၄ ပွဲ အနှစ်ချုပ်ကတော့

(၁) ၁၅၃၉(ချင်ကရန့်) – နယ်စပ် အရေးအခင်းမှ စစ်ဖြစ်ကြသည်။

(၂) ၁၅၄၈(ဆူရီယိုထိုင်း) – ဗမာတို့ ဘက်မှ အယုဒ္ဓယကို ဝိုင်းတိုက်သည်။ ဘုရားသုံးဆူဒေသမှ ပြန်ဆုတ်သွားသည်။

(၃) ၁၅၆၃(ဆင်ဖြူများရှင်) အယုဒ္ဓယ ကို ဝိုင်းထားသောကြောင့် မဖျက်ဆီးရန် ကတိတောင်းပြီး လက်နက်ချခဲ့သည်။

(၄) ၁၅၆၈-၁၅၆၉ (ပထမစစ်) – ဗမာတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ နယ်ချဲ့လာသည်။ အယုဒ္ဓယကျဆုံးပြီး စစ်သုံ:ပန်းအဖြစ် အဖမ်းခံကြရသည်။

(၅) ၁၅၈၄ (ဘန်ကရာအွန်)- နရီ ဆူအန် ( နရဆွန်)သည် ယိုးဒယားမြောက် ပိုင်းကိုအုပ်စိုးသော ဗမာတို့ကို တိုက်ထုတ် ပြီး လွတ်လပ်ရေး ကြေညာခဲ့သည်။

(၆) ၁၅၈၄ (ဆူဖန်းဘူရီ )- ဟုန်စာ ၀တီသည် စစ်တပ်(၂)တပ်လွှတ်ခဲ့သည်။နာရီဆူအန်သည် ဆူဖန်းဘူရီနှင့် ဖရုံဘူရီ မှ ခုခံတွန်းလှန် တိုက်ခိုက်နိုင်ခဲ့သည်။

(၇) ၁၅၈၅ (ဘန်ဆခက်) – ဟုန်စာ ၀တီသည် လန်နမှ ဗိုလ်ချုပ်ကြီးများ ဦးစီးပြီး လာတိုက်ကြသည်။ နာရီဆူအန် သည် မြို့၏မြောက်ဘက်၌ အောင်မြင်စွာ ခုခံခဲ့သည်။

(၈) ၁၅၈၆ (အယုဒ္ဓယဆေးဂ်ျ) – ဟုန်စာ၀တီမင်းကြီးသည် လန်နမှ စစ်ပြု လာပြီး အယုဒ္ဓယကို ဝိုင်းထားသည်။ ဝိုင်းရုံမျှသာတတ်နိုင်သည်။ မသိမ်းနိုင်ခဲ့ပေ။

(၉) ၁၅၉၀(ကန်ချနဘူရီ) – ဟုန်စာ ၀တီသည် ကန်ချနဘူရီ ဘုရားသုံးဆူဘက် မှ စစ်တပ်များ စေလွှတ်ခဲ့သည်။ နာရီ ဆူအန်သည် ကန်ချနဘူရီမှ ဆီးကြိုတိုက် ခိုက်ခဲ့သည်။

(၁၀) ၁၅၉၂ (နုံစာရဂ်ျ) – ဗမာစစ် တပ် ၃ ခုနှင့်ရင်ဆိုင်တိုက်ပွဲအတွင်း ဆင်စီးပြီးတိုက်ရာတွင် နာရီဆူအန်သည် ဘားမိစ်အပ်ပရတ် (အိမ်ရှေ့ဥပရာဇာ)ကို အနိုင်တိုက်ခဲ့သည်။

(၁၁) ၁၅၉၂ ( ကျွန်းဆွယ်-၁) – နာရီဆူအန်သည် ဗိုလ်ချုပ်ကြီးများစေလွှတ် ပြီး ထားဝယ်နှင့်တနင်္သာရီကို ပြန်သိမ်း ယူခဲ့သည်။

(၁၂) ၁၅၉၄ (ကျွန်းဆွယ်-၂) – အယုဒ္ဓယ၏အာဏာစက်သည် မော်လမြိုင် နှင့် မုတ္တမမြောက်ပိုင်းအထိ ကျယ်ပြန့်ခဲ့ သည်။

(၁၃) ၁၅၉၅ (ဟုန်စ၀တီ) – နရီဆူ အန်သည် မွန်တိုင်းပြည်ကို ဖြတ်ကျော်ပြီး ဟုန်စာ၀တီကို ဝိုင်းရံထားသောကြောင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရသည်။

(၁၄) ၁၅၉၉(တောင်ငူအဝိုင်းခံရ ခြင်း) – နာရီဆူအန်သည် မွန်တို့၏ တော်လှန်ပုန်ကန်မှုကို တိုက်ခိုက်ဖြိုခွင်း ပြီး ဟုန်စာ၀တီကို ဝိုင်းရံထားရာ ဆုတ်ခွာ သွားခဲ့သည်။ စားနပ်ရိက္ခာ ပြတ်တောက် သွားသောကြောင့် ဖြစ်သည်။

(၁၅) ၁၆၀၄ ( ရှမ်းပြည်နယ်များ)- နာရီဆူအန်သည် လာမာမှ ရှမ်းပြည်သို့ ဝင်ရောက်တိုက်ခိုက်စဉ် သေဆုံးခဲ့သည်။

(၁၆) ၁၆၁၃ (ထားဝယ်) – ဗမာ တို့သည် ထားဝယ်နှင့်တနင်္သာရီကို လျင် မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် အယုဒ္ဓယကိုမူ လက်လွှတ်ခဲ့ရသည်။

(၁၇) ၁၆၁၄ (ဇင်းမယ်)- ဇင်းမယ်မြို့ ကို ဝိုင်းရံပိတ်ဆို့ပြီးနောက် သိမ်းပိုက်ခဲ့ကြသည်။

(၁၈) ၁၆၂၂ ( ထားဝယ်) – ဗမာတို့ ထားဝယ်ကို ပြန်သိမ်းခဲ့ကြသည်။

(၁၉) ၁၆၆၂(ဇင်းမယ်မြို့)- နာရိုင်း သည် ဇင်းမယ်ကို ပြန်သိမ်းရန်အတွက် ကိုစာလက်ကိုတာဝန်ပေးပြီး အင်း၀ နေပြည်တော်ကို လာတိုက်လေသည်။

(၂၀) ၁၆၆၄ (စိုင်ယုတ်) – ဘုရား သုံးဆူကို ဖြတ်ကျော်ဝင်ရောက်လာသော ဗမာတပ်ကို ကွေးတောင်ကြားတွင် ယိုး ဒယားတပ်က တိုက်ထုတ်ခဲ့သည်။

(၂၁) ၁၆၆၄ (ပုဂံ) – နာရိုင်းသည် စစ်တပ်(၃)ခုစေလွှတ်ခဲ့သည်။ မုတ္တမကို ဝင်သိမ်းပြီး ပုဂံကို ဝိုင်းထားခဲ့သော်လည်း သိမ်းပိုက်နိုင်စွမ်းမရှိသောကြောင့် ပြန်ပြီး ဆုတ်ခွာသွားခဲ့ကြသည်။

(၂၂) ၁၇၅၉ (အလောင်းဘုရား)- ဗမာဘုရင်မင်းဆက်သစ် ဖြစ်သည်။ မွန် ဒေသအားလုံးကို သိမ်းယူပြီးနောက် ယိုးဒယားကို ဝင်ရောက်သိမ်းပိုက်စဉ် မတော်မဆမှုကြောင့် ကွယ်လွန်ခဲ့သည်။

(၂၃) ၁၇၆၄ ( ကျွန်းဆွယ်)- ဗမာ တို့သည် မွန်တို့ပိုင်ဆိုင်သည့် ပင်လယ် ဆိပ်ကမ်းမြို့အားလုံးကို သိမ်းပိုက်ခဲ့ သည်။ ပြီးနောက် တနင်္သာရီကျွန်းဆွယ်ကို ပြန်သိမ်းခဲ့သည်။

(၂၄) ၁၇၆၇ (ဒုတိယစစ်)- လန်နမှ ဗမာစစ်တပ်သည် ထားဝယ်ကိုသိမ်း သည်။ အယုဒ္ဓယကို ဝိုင်းရံထားပြီး မီး တင်ရှို့ခဲ့ကြသည်။ အယုဒ္ဓယမြို့ကြီး မီးလောင်ပျက်စီးသွားသောအခါ ကျောက် ဖရားမြစ်ဝှမ်းတွင် ဘန်ကောက် မင်းနေပြည် တော်ကို ပြန်၍တည်ထောင်ခဲ့ကြသည်။

ဒီစစ်ပွဲ ၂၄ ကြိမ်မှာ စစ်ပွဲအမှတ် စဉ်(၁၁)-၁၅၉၂၊ စစ်ပွဲအမှတ်စဉ်(၁၆)- ၁၆၁၃၊ စစ်ပွဲအမှတ်စဉ်(၁၈)-၁၆၂၂၊ စစ်ပွဲ အမှတ်စဉ် (၂၃)-၁၇၆၄နဲ့ စစ်ပွဲအမှတ် စဉ်(၂၄)-၁၇၆၇တို့ဟာ ထားဝယ်နဲ့ တနင်္သာရီမှာ ဖြစ်တဲ့စစ်ပွဲတွေ ဖြစ်တယ်။ အဲဒီခေတ်၊ အဲဒီကာလတွေကို ပြန်လည် ဖော်ထုတ်တဲ့အခါ စိတ်ဝင်စားစရာဖြစ်တယ်။ မြန်မာမှတ်တမ်းတွေ၊ အနောက် တိုင်းမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေး ချင်တယ်။

နောင်ကြုံတဲ့အချိန်မှာ ဒီစစ်ပွဲတွေ အကြောင်း အသေးစိတ်ဆွေးနွေးပါမယ်။ အထက်ဖော်ပြပါ စစ်ပွဲ ၂၄ ကြိမ်အကြောင်း ကိုတော့ ထိုင်း(ယိုးဒယား)ဘက်၊ တစ်နည်းအားဖြင့် အဓိကသက်ဆိုင်တဲ့တစ်ဘက် ခြမ်းရဲ့ မှတ်တမ်း၊ အမြင်တွေဖြစ်ပါသဖြင့် ပြန်လည်ဖော်ထုတ် လေ့လာရေးသားဖို့ အထူးလိုအပ်နေပါတယ်။

ဆရာဇော်(စိတ်ပညာ)

ကြော်ငြာဝန်ဆောင်မှု