မွန်လူငယ်များ ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား

0
417

မွန်လူငယ်များအကြား ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား နေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသည့် မွန်လူငယ်များထံမှ သိရသည်။

အဆိုပါ သုံးသပ်ချက်သည် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းစဉ်များ လုပ်ရင်း တွေ့ရှိသည်များကို သုံးသပ်ခြင်းဖြစ်ပြီး သီးခြား သုတေသနပြုထားသည့် တွေ့ရှိချက် မဟုတ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် စိတ်ဝင်စားမှု ပိုများစေသည့် အကြောင်း ရင်းများအနက် မွန်တစ်ပါတီတည်း ဖြစ်သွားသည့် အခြေအနေကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မွန်လူငယ် အဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပိုမိုရရှိလာခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားလာခြင်း ကြောင့်လည်း မွန်လူငယ်များ မဲပေးရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်း နေသည့် ရေးမြို့နယ် မွန်လူငယ်ကွန်ရက် မှ မင်းခေတ်သစ်က ပြောသည်။

“ဘယ်အစိုးရပဲတက်တက် ထမင်းတစ်နပ်ထက် ပိုမစားရဘူးဆိုတဲ့ အယူ အဆတွေက နှစ်အတော်ကြာခေါင်းထဲမှာ စွဲနေကြတယ်။ အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ မဲတစ်ပြားဟာ အရွေ့တစ်ခု၊ အပြောင်း အလဲတစ်ခု ဖြစ်နိုင်တယ်၊ ကိုယ်လိုချင်တဲ့ အစိုးရပဲ ပြောပြော၊ အုပ်ချုပ်ရေးစနစ်ပဲ ပြောပြော အပြောင်းအလဲဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု မွန်လူငယ်များ ဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက ပြောသည်။

အသက် (၁၈) နှစ်ပြည့်ပြီး လူငယ် များ မဲစာရင်းစစ်တတ်စေရန်နှင့် မဲပေး တတ်စေရန် ရည်ရွယ်သည့် မွန်ပြည်နယ် အတွင်းရှိ ပထမအကြိမ် မဲပေးမည့် လူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်က မော်လမြိုင်မြို့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ထပ်တိုးလာသည့် မဲစာရင်းများအရ မဲပေးခွင့်ရှိသည့် လူငယ်နှစ်သိန်းခန့် တိုးလာသည်ဟုလည်း မွန်ပြည်နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ နောက်ဆုံးပြုစုထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော်ရှိသည်ဟု မွန် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

ယဉ်စနိုင်း