ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုသည့်ကိစ္စ တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေးပါတီ ဝေဖန်

0
413

လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေး ပါတီက ဝေဖန်ပြောဆိုလိုက်သည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲအတည်ပြု လိုက်သည်။

အဆိုပါကိစ္စသည် တိုင်းရင်းသား ပါတီတို့က ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်နိုင်ငံရေးပါတီတို့နှင့် တစ်စုံ တစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိ ဘဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ်တော်ကိုတင်လိုက်ခြင်းသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက် သည့်သဘောသက်ရောက်နေသည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်း ရေးမှူး (၂) နိုင်စံတင်က ပြောသည်။

“အမှန်မှာ ဥပဒေတစ်ခုပြင်မယ် ဆိုရင် တရားဝင်နိုင်ငံရေးပါတီတွေ အားလုံးကို ညှိနှိုင်းဖို့သင့်တာပေါ့နော်။ မေးဖို့သင့်တယ်။ ဒါကို မလုပ်ဘဲနဲ့ လွှတ်တော်ကို တင်လိုက်တယ်။ လွှတ်တော် က အတည်ပြုလိုက်တယ်။ ဒါဘယ်လို ဖြစ်လဲဆိုတော့ တိုင်းရင်းသားပါတီ အပေါ်မှာ ဂရုမစိုက်တဲ့သဘောပေါ့ဗျာ။ ဘယ်သူပဲတင်တင် သူတို့လုပ်မယ်ဆို လုပ်သွားတဲ့သဘော သက်ရောက်နေတဲ့ အခါကျတော့ တိုင်းရင်းသားပါတီတွေ အားလုံးက ဘယ်သူမှ လက်မခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် မဲဆန္ဒ နယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ(၁၀) ပါအတိုင်း ဆန္ဒမဲ ပေးခွင့်ပြုပါက ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်၏ စစ်မှန် သော ကိုယ်စားပြုမှုအပေါ် မေးခွန်းထုတ် စရာဖြစ်လာမည်ဟု ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ် ကန့်ကွက်ထားသည်။

၎င်းပြင် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ(၁၀) ပါအတိုင်း ဆန္ဒမဲ ပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကိုလည်း ထိပါး ရာရောက်သည်ဟု ယူဆကြောင်းလည်း မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ပြောဆို ထားသည်။

ရက်ပေါင်း ၉၀ ကျော်နေထိုင်သည် ဆိုရုံဖြင့် အဆိုပါဒေသ၏ကိုယ်စားလှယ် အား ရွေးချယ်မဲပေးခွင့်ရရှိခြင်းသည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားများအပေါ် များစွာထိခိုက်စေသည့်အပြင် မူလဒေသခံများ၏ ဆန္ဒကို ဝင်ရောက် စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ဖြစ် စေသည်ဟု ကချင်အမျိုးသားကွန်ဂရက် ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ခူမီး(ခမီး) အမျိုးသား ပါတီ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေ စီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေး ပါတီ စသည့် တိုင်းရင်းသားပါတီ ၁၄ ပါတီတို့က ဖေဖော်ဝါရီ ၂၄ ရက်က ကြေညာချက်ထုတ် ကန့်ကွက်ထား သည်။

၎င်းပြင် ရွေးကောက်ပွဲ တရားမျှတ မှုအတွက် ပြင်းထန်သော အငြင်းပွားမှု များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည် ဟု တိုင်းရင်းသားပါတီ ၁၄ ခုတို့က ကြေညာချက်တွင် ပြောဆိုထားသည်။

ယဉ်စနိုင်း