ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အစီရင်ခံစာ အတိုင်ပင်ခံရုံး ပို့မည်

0
448

ထိုင်း- မြန်မာနယ်စပ်ရှိ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ၏ တင်ပြချက်၊ အကြံပြုချက်များ အပါအဝင် ကွင်းဆင်းတွေ့ရှိချက်များကို မကြာမီအစီရင်ခံစာတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအစိုးရက ထီးခီးကုန်သွယ်ရေး စခန်းကွင်းဆင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေ သည်။

“ဌာနအသီးသီးရဲ့ လိုအပ်ချက်နဲ့ သူတို့တင်ပြချက်တွေ အားလုံးယူပြီး တော့မှ အစည်းအဝေးလုပ်ပြီး အကြံပြုချက်တွေရေးပြီး တင်ရမှာ”ဟု ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်း ကို အပြည်ပြည်ဆိုင်ရာ ဂိတ်စခန်း တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊ မြေယာစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ ကြိုတင် လျာထားမှု အပါအဝင် လိုအပ်သော မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်း ခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အနီးတစ်ဝိုက်ရှိ တရားမဝင်လမ်း ကြောင်းများမှ တရားမဝင် ကုန်စည် ဝင်ရောက်မှုများရှိနေကြောင်း ပြောဆို ဝေဖန်မှုများလည်း ရှိသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာ လအထိ စာရင်းများအရ ကုန်သွယ်မှု ပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Dawei Watch