သောက်သုံးရေ အခက်အခဲရှိက ကျေးလက်ဌာနနှင့် ဇမ္မူသီရိအဖွဲ့တို့ထံ အကူအညီတောင်းပါ

0
538

ထားဝယ်ခရိုင်အတွင်းရှိ အချို့ ကျေးရွာများတွင် သောက်သုံးရေစတင် ရှားပါလာနေပြီး သောက်သုံးရေ အခက် အခဲရှိသော ကျေးရွာများကို တိုင်းကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့် ဇမ္ဗူသီရိအဖွဲ့တို့က ကူညီပေးရန်အတွက် အဆင့်သင့်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရေရှားနိုင်သည့် ကျေးရွာ ၁၄ ရွာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနက အခမဲ့ ရေပေးဝေရန် ရန်ပုံငွေ သိန်းခုနှစ်ဆယ်ကျော် လျာထား ပြီး ဇမ္ဗူသီရိအဖွဲ့ကလည်း ထားဝယ်မြို့ အနီးအနားရှိ ကျေးရွာများ ရေအခက်အခဲ ရှိက ရေလှူပေးရန် ကားနှင့်ရေအဆင် သင့်ပြင်ထားကြောင်း ပြောဆိုသည်။

လက်ရှိတွင်မူ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံ ရေရှားပါး ကြောင်း ဆက်သွယ်လာသည့် ကျေးရွာ မရှိသေးသော်လည်း ဇမ္ဗူသီရိအဖွဲ့ထံမှ ထားဝယ်မြို့နှင့် အနီးနားရှိ နေရာ ၁၄ ခုက ရေလာရောက်လှူဒါန်းပေးရန် ဆက်သွယ်လာနေကြောင်း သိရသည်။

“ရေရှားတယ်ဆိုရင်တော့ တို့ဌာနကို ဆက်သွယ်လာခဲ့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပဲ”ဟု တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး(အင်ဂျင်နီယာ) ဦးစိုးဝေက ပြောသည်။

သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီး ဌာနတို့ထံ ဆက်သွယ်နိုင်ပြီး ဇမ္ဗူသီရိ အဖွဲ့ထံမူ ၀၉၄၉၁၀၀၁၅၆၊ ၀၉၂၅၁၁ ၄၂၁၅၅၊ ၀၉၇၇၁၀၀၃၁၀၇ ဖုန်းနံပါတ် တို့ထံ ဆက်သွယ်နိုင်သည်။

ယင်းအပြင် ရေလှူဒါန်းမည့်သူများ အနေဖြင့်လည်း ဇမ္ဗူသီရိထံ ဆက်သွယ် နိုင်ပြီး ရေလှူရမည့်နေရာများကို ညွှန်ပြပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောသည်။

တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက ရေအလှူပေးမည့် ကျေးရွာများမှာ လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ကညုံကျွန်း၊ ကထောင်းနီ၊ ကဒက် ငယ်ဆိပ်၊ ဘုတ်ပြင်းမြို့နယ်တွင်၊ ထောင်မွန်၊ ကမာချောင်း၊ နီပါး၊ ချောင်းကတိုးရွာ၊ အတွင်းဘုတ်ပြင်း (ရွာမအုပ်စု)၊ ကော့သောင်းမြို့နယ်တွင် ယမုံနာ၊ အောင်မေတ္တာ၊ ခမောက်ငယ်၊ အမှတ်(၄)ရပ်ကွက်၊ ချောင်း၀ငယ်ရွာတို့ ဖြစ်သည်။

မိုးမြင့်၊ ကျော်သူစိုး