တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင်ကို ၆၆(ဃ)ဖြင့် တရားစွဲ

0
541
ဓာတ်ပုံ - ရဲမြင့်ဆွေ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန် သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဖေဖော်ဝါရီလ ၂၇ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုထားကြောင်း တနင်္သာရီမြို့မရဲစခန်း နှင့် ကာယကံရှင်တို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေတို့နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းအား Phyu Myo ဖေ့စ်ဘွတ် အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်ပေါ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်က ဖော်ပြဖြန့်ဝေခဲ့ကြောင်း တနင်္သာရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက ပြောပြသည်။

ယင်းကြောင့် လွှတ်တော်ကိုယ်စား လှယ်တို့၏ ကိုယ်စားလှယ်လွှဲစာဖြင့် တရားလိုပြုလုပ်ကာ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ပြော သည်။

“ကောလာဟလသတင်းတစ်ခုကို သူ့အကောင့်နဲ့ တင်တာဆိုတော့ နိုင်ငံရေးအရ သိက္ခာကျတယ်။ ထိခိုက်မှုတွေ ဖြစ်တဲ့အတွက် တရားစွဲတာပါ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

Phyu Myo အကောင့်ပိုင်ရှင် ဦးဖြူမျိုးဝင်းကမူ လူမှုကွန်ရက် ဖေ့စ် ဘွတ်စာမျက်ပေါ်တွင် မျှဝေခဲ့သည့် စာသားများမှာ အခြားအကောင့်တစ်ခုမှ ကူးယူပြီး ဖော်ပြခြင်းဖြစ်ကြောင်း ပြော ပြသည်။

“ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ် ချက်တစ်ခုမှ မပါပါဘူး”ဟု တရားစွဲ ဆိုခံထားရသူ ဦးဖြူမျိုးဝင်းက ပြောသည်။

ဦးဖြူမျိုးဝင်း မျှဝေခဲ့သည့် စာသားများသည် “အမေ့သား”ဟု အမည်ပေး ထားသည့် ဖေ့စ်ဘွတ်အကောင့်ဖြင့် မြိတ်သတင်း ဖေ့စ်ဘုတ် Group တွင် ဖေဖော်ဝါရီလ ၁၈ ရက်က ရေးသား ထားသည့် စာသားများသည်။

ဖော်ပြဖြန့်ဝေခဲ့သည့် စာသားများတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး သည် ကိုယ်စားလှယ်မဖြစ်ခင်က ဆိုင်ကယ် နှင့် အငှားကားဖြင့်သာ သွားလာကြသူ များဖြစ်ပြီး လွှတ်တော်သက်တမ်း လေးနှစ် ကျော်လာသည့်အခါ တိုက်ဆောက်ခြင်း၊ သိန်းလေးငါးရာတန် မော်တော်ယာဉ်များ စီးနင်းခြင်းနှင့် KTVတွင် မယားငယ်ထားခြင်း စသည့် အကြောင်းအရာတို့ ပါဝင်သည်။

လွှတ်တော်ကိုယ်စားလှယ်များအား အကောင့်တုများဖြင့် တိုက်ခိုက်မှုများရှိ နေပြီး ယခုကဲ့သို့ သတင်းတင်ခြင်းမှာ နိုင်ငံရေးအရ တိုက်ခိုက်ခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

ဖေ့စ်ဘွတ်ပေါ်တွင် ဖော်ပြဖြန့်ဝေ သကဲ့သို့ မှန်ကန်နေပါက အဂတိလိုက် စားမှု တိုက်ပျက်ရေးကော်မရှင်သို့ တိုင် ကြားနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။

တရားစွဲဆိုခံရသည့် ဦးဖြူမျိုးဝင်း ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တနင်္သာရီ မြို့မရဲစခန်းက စစ်ဆေးမေးမြန်းပြီး လက်ရှိ အသုံးပြုနေသည့် လက်ကိုင်ဖုန်း ကို သိမ်းဆည်းခဲ့ကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဦးဖြူမျိုးဝင်းက ဆိုသည်။

ဦးဖြူမျိုးဝင်းသည် တနင်္သာရီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှုဆောင်ရုံးမှ ရုံးဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ပြည်ထောင်စုနေ့စဉ်သို့ သတင်းများ ရေးသားပေးပို့နေသူ ဖြစ်သည်။

Dawei Watch