ကင်း

0
1913

ကင်းစောင့်သည်ဟု ပြောလျှင် ယခု ခေတ်ဆိုက ညစောင့်ဝန်ထမ်းနှင့် ရဲတပ် ဖွဲ့ဝင်တို့ကိုသာ ပြေးမြင်ကြတော့မည်။

ရွာထိပ်က ကင်းတဲလေးထဲ၊ ရပ်ကွက် ထဲက မီးကင်းလေးထဲ ညလုံးပေါက် နေဖူးလျှင် ထိုသူ့အသက် ၄၀ ဝန်းကျင် ရှိနေပါလိမ့်မည်။

ရပ်ရွာလုံခြုံရေးနှင့် မီးဘေးအရေး ပေါ်အတွက် အချက်ပေးသံချောင်းခေါက် ရန် ကင်းစောင့်ကြရသည့် ခေတ်တစ် ခေတ် ရှိခဲ့ဖူးပါသည်။

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ က အသက် ၅၀ ကျော်အရွယ် ဦးမောင်ဝင်း ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ရွာထဲတွင် လုံခြုံရေးကင်း စောင့်ခဲ့ဖူးကြောင်း ပြောပါသည်။

“လုံခြုံရေးအတွက် စောင့်ရတာပေါ့။ အဲဒီတုန်းက ငါတို့ဘက်က တောင်တန်း တွေမှာ သူပုန်တွေ ရှိနေသေးတယ်လို့ သူတို့က သတ်မှတ်တယ်လေ။ ရွာအဝင်၀ တွေမှာ တဲဆောက်ဆောက်ပြီးတော့ လေးယောက်၊ ငါးယောက် အုပ်စုလိုက် အလှည့်ကျစောင့်ရတယ်”ဟု ဦးမောင်ဝင်း က ပြောသည်။

ကင်းတဲတစ်ခုတွင် အနည်းဆုံး ၅ ဦးခန့် ရှိမည်။ ရပ်ရွာအတွင်း အိမ်တိုင်း က အလှည့်ကျ ကင်းစောင့်ကြရသည်။ အခွင့်ထူးခံပြီး “ငါ့တို့အိမ်က မစောင့် နိုင်ဘူး”ဟု မရှိပါ။

အကယ်၍ မိမိအိမ်က အကြောင်း အမျိုးမျိုးကြောင့် အလှည့်ကျချိန် ကင်း မစောင့်နိုင်ပါက အစားထိုးကင်းစောင့်သူကို ငှားရသည်။

ဦးမောင်ဝင်းတို့ ကင်းစောင့်စဉ်က ကင်းအငှားစောင့်ခ တစ်ည ကျပ် ၅၀၀ ပေါက်ဈေး ရှိပါသည်။

အကယ်၍ လူငှား၍ လုံး၀ မနိုင်တော့ ပါက ရွာလူကြီးကို ထိုပေါက်ဈေးအတိုင်း ပေးချေရပါသည်။ ရွာလူကြီးက တစ်ဆင့် ကင်းသမားများကို ဆေးလိပ် သို့မဟုတ် သွားရေစာတစ်ခုခု ဝယ်ကျွေးတတ်ပါသည်။

ကင်းသမားများက တစ်နာရီပြည့် တိုင်း သံချောင်း တစ်ကြိမ်ခေါက်မည်။ ၉ နာရီထိုးလျှင် ၉ ချက်၊ ၁၀ နာရီထိုးလျှင် ၁၀ ချက် ခေါက်မည်။

ယခုကဲ့သို့ အေးချမ်းသည့်ရာသီဆို လျှင် အနွေးထည်လေးဝတ်ကာ စောင် လေး ခေါင်းမြီးခြုံကာ ဓာတ်မီးလေးတစ် လုံးဖြင့် ဟိုထိုးသည်ထိုးရင်း၊ ကင်းစောင့် သူအချင်းအချင်း စကားစမြည် ပြောမည်။

လိုအပ်လျှင် ရပ်ရွာထဲ လှည့်ကင်း လှည့်မည်။

“ကင်းသမားတွေကတော့ ညပိုင်း ဆိုရင်တော့ ရွာထဲကို လူအဝင်အထွက်ကို စောင့်ကြည့်ရတယ် စိစစ်ရတယ်။ လူစိမ်း တွေလာတာရှိလားဆိုပြီး ရွာထဲမှာ လှည့် ပတ်ပြီး လိုက်ကြည့်ရတာပေါ့။ ကင်းသမား တွေ လိုက်စစ်ဆေးလို့ မသင်္ကာတဲ့လူတွေ ရှိရင်တော့ အဲ့လူကို ခေါ်ထားပြီးတော့ ရွာလူကြီးကို သတင်းပို့ရတယ်။ ကျန်တာ တော့ ရွာလူကြီးက ဆက်လုပ်တာပေါ့”ဟု ဦးမောင်ဝင်းက ပြောသည်။

အိပ်မငိုက်စေရန် ကင်းသမား အချင်းချင်း ဟာသလေးများ၊ ပုံတို ပတ်စလေးများ၊ အစအနောက်ကလေး များဖြင့် အပြန်အလှန် ဖျော်ဖြေရင်း ညကို ကုန်ဆုံးစေမည်။

တချို့ကင်းသမားထဲ လူငယ်လေး တွေပါလျှင် လူကြီးတွေထက် စောစော အိပ်ငိုက်မည်။ သို့ဆိုလျှင် လူကြီးတွေက ထိုလူငယ်များကို ခွင့်လွှတ်ပေးတတ်ကြ ပါသည်။

တာဝန်ကျ စစ်သားများ လာစစ် လျှင်တော့ အိပ်နေသည်ကိုတွေ့လျှင် မလွယ်ကြော။

“များသောအားဖြင့်တော့ မအိပ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ဆို စစ်တပ်က လာစစ်တယ်။ အိပ်နေ တာတွေ့ရင် ဆဲဆိုခံရမှာစိုးလို့ မအိပ်ကြဘူး”ဟု ဦးမောင်ဝင်းက ပြောသည်။

မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၇၂ နစ်အရွယ် ဦးအင်ရှိန်ကတော့ ကိုယ်တိုင် ကင်းစောင့်သည်ထက် လူငှား ပြီး စောင့်ခိုင်းသည်က ပိုများခဲ့ကြောင်း ပြောသည်။

လူငှား၍ မရ၍ ရပ်/ရွာငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ(ရပ်ကွက် လူကြီး)ကို ငွေသွားအပ်ပါက ရပ်ကွက် လူကြီးက မုန့်အနည်းငယ်သာ ဝယ်ကျွေး တတ်ကြောင်း ဦးအင်ရှိန်က ပြောသည်။

ဧည့်စာရင်းမတိုင်၍ ကင်းသမား များ ဧည့်သည်ဖမ်းကာ ဒဏ်ကြေး ကောက်သည့်ငွေလည်း ရပ်ကွက်လူကြီး ကပဲ ယူယူသွားတတ်သည်ဟု ဦးအင်ရှိန်က ပြောသည်။

“တစ်ပတ်တစ်ကြိမ် အနည်းဆုံး ကင်းစောင့်ကြေးက မိသားစု ၂ ရက် ဈေးဝယ်စားလို့ ရတယ်။ ဥက္ကဋ္ဌ မိသားစု ဈေးဝယ်စားတယ်။ ဧည့်သည် ဖမ်းမိလို့ ရတဲ့ငွေတွေလည်း သူပဲယူတယ်”ဟု ဦးအင်ရှိန်က မှတ်မှတ်ရရ ပြောပါသည်။

ယခုတော့ လုံခြုံရေးကင်း မဆိုထား မီးကင်းစောင့်သည့် ဓလေ့ပင်မရှိတော့ပါ။

မီးသတ်တပ်ရင်းရုံးကြီးနှင့် ဝေးရာ အိမ်များဆိုက ညဘက် သံချောင်းခေါက်သံ မကြားရတော့ပါ။

ယခုအချိန် မီးကင်းစောင့်ရန် ပြောဆိုလာပါကလည်း ကင်းမစောင့်နိုင်ဟု ဦးအင်ရှိန်က ပြောပါသည်။

“လာစောင့်ခိုင်းရင်လည်း အစိုးရ မီးသတ်အဆောက်အဦတွေကို ဖြိုချခိုင်းပြီး ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ် ခိုင်းဖို့ပဲ ရှိတယ်”

တနင်္သာရီသတင်းအဖွဲ့