GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

0
3203

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။

ယင်းသို့ နောက်ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြန်လည်ရရှိသည့် အချိန်ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ရရှိမှုတန်ဖိုး(Time Value Of Money) လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ လ ၂၉ ရက်စွဲဖြင့် ဖြန့်ဝေသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

လျော့နည်းနစ်နာခဲ့ရသည့် ငွေ အမေရိကန်ဒေါ်လာ ၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာသည် လက်ရှိကာလပေါက် ဈေးနှင့်ဆိုက မြန်မာငွေ ကျပ်သိန်း ၇၄၀၀ ခန့် ရှိနေသည်။

GGS ကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် စဉ်က တနင်္သာရီတိုင်းအစိုးရနှင့် GGS ကြား ချုပ်ဆိုထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘော တူစာချုပ်တွင် “ဓာတ်အား ပေးစက်များမှ လအတွင်း အသုံးပြုသော Gas Flow Meter ၏ ဖတ်ရှုယူနစ်အား သတ်မှတ် ထားသည့် ဓာတ်ငွေ့နှုန်းထားအတိုင်း လုပ်ကိုင်ခွင့်ရသူမှ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ပေးချေရမည်”ဟု ပါဝင် သည်။

သို့သော် GGS က လုပ်ငန်း စတင်ချိန်မှအစ ၁၀ လခန့် ကြာပြီးမှ တစ်ကြိမ်၊ ၁၉ လ ကြာပြီးမှ တစ်ကြိမ်၊ ၂၁ လကြာပြီးမှ တစ်ကြိမ်၊ ၂၂ လကြာ ပြီးမှ တစ်ကြိမ် သွင်းခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံတွင် ဖော်ပြသည်။

GGS ကုမ္ပဏီ ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူ ၃ ဦးသည် လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့်အတူ အဂတိလိုက်စားမှုပုဒ်မများဖြင့် ထားဝယ်အကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရပြီး တနင်္သာရီတိုင်းတရား လွှတ်တော်တွင် အမှုရင်ဆိုင်နေရသည်။

Dawei Watch