ကော့သောင်းတွင် လမ်းလျှောက်သင်္ကြန် ကျင်းပရန် စီစဉ်နေ

0
482

ယခုနှစ် မြန်မာ့နှစ်သစ်ကူး မဟာ သင်္ကြန်ပွဲတော်တွင် ကော့သောင်းမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်နေကြောင်း ကော့သောင်းခရိုင်အုပ် ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

ကော့သောင်းမြို့၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သော ဘုရင့်နောင်အငူဘက် ခြမ်းသို့ ယာဉ်မဝင်စေဘဲ အချိန်ကန့်သတ်ကာ လမ်းလျှောက်သင်္ကြန်ပွဲတော် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဦးနေဦး က ပြောသည်။

လမ်းလျှောက်သင်္ကြန်တွင် ပါဝင်မည့် အစီအစဉ်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ် အသေးစိတ်အတွက် မြို့မိ မြို့ဖများ၊ စည်ပင်ကော်မတီအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် အစည်းအဝေးပြုလုပ်သွား ရန်ရှိကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် လမ်းလျှောက် သင်္ကြန်ပွဲတော် မကျင်းပဖူးသဖြင့် ကော့သောင်းတွင် ကျင်းပမည့် လမ်းလျှောက် သင်္ကြန်ပွဲတော်သည် တိုင်း၏ ပထမဆုံး လမ်းလျှောက်သင်္ကြန်ပွဲတော် ဖြစ်လာမည် ဖြစ်သည်။

ကော့သောင်းတွင် လမ်းလျှောက် သင်္ကြန်ပွဲတော် ကျင်းပပါက ကော့သောင်း တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံများ ကော့သောင်းသို့ သွားရောက်လည်ပတ်မှု ပိုများလာနိုင်ကြောင်း ရနောင်းမြို့ အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုသားကျော်က ပြောသည်။

“ဒီနှစ်မှာ လမ်းလျှောက်သင်္ကြန် လုပ်မယ်ဆိုတော့ ဦးဦးဖျားဖျားဆိုတော့ ရနောင်းကလူတွေလည်း စမ်းသပ်တဲ့ အနေနဲ့ ကော့သောင်းဘက် ပိုသွားများ လိမ့်မယ် ထင်တယ်”ဟု ကိုသားကျော်က ပြောသည်။

ထို့အပြင် လမ်းလျှောက်သင်္ကြန် ကြောင့် ကော့သောင်းသို့ လာရောက်ကြသည့် မြန်မာပြည်တွင်းခရီးသွားဧည့်သည်များလည်း ပိုများလာနိုင်သလို မြန်မာ ထက် တစ်ရက်စောကာ ကျင်းပသည့် (တစ်ရက်တည်းသော) ရနောင်းသင်္ကြန် ပွဲတော်ကိုလည်း ၎င်းဧည့်သည်များ လာရောက်လည်ပတ်မှု ပိုများနိုင်ကြောင်း ကိုသားကျော်က ခန့်မှန်းသည်။

Dawei Watch