မြိတ်တွင် သေနတ်ပစ် အားကစားပြိုင်ပွဲ ပြုလုပ်မည်

0
562

မြိတ်တွင် ထားဝယ်ခရိုင်၊ ကော့သောင်း ခရိုင်နှင့် မြိတ်ခရိုင် သုံးခုပါဝင်သည့် သေနတ်ပစ် အားကစားပြိုင်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သေနတ်ပစ်အားကစား ဆပ်ကော်မတီမှ သိရသည်။

ယင်းပြိုင်ပွဲကို မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်ရှိ မြိတ် စီးပွားရေးဇုန် စီမံကိန်းအတွင်း၌ လာမည့် မေလအတွင်း ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ်အားကစား ဆပ်ကော်မတီဝင် ဦးသူရက ပြောသည်။

ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ် အားကစား ဆပ်ကော်မတီတို့မှ ပူးပေါင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက် ၂၅ နှစ်ပြည့် ပြီး သေနတ်ပစ်အားကစားသမား မည်သူ မဆို လာရောက် ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောပြသည်။

“တိုင်းအတွင်း ထူးချွန်တဲ့ သေနတ်ပစ် အားကစားသမားတွေ ထွက်ပေါ်လာ စေချင်တယ်”ဟု လက်ရှိ သေနတ်ပစ် အားကစားနည်းပြအဖြစ် တာဝန်ယူထား သူ ဦးသူရက ပြောသည်။

လက်ရှိအချိန်တွင် ဘုတ်ချောင်း ရပ်ကွက်ရှိ MFD Public Co, Ltd စီမံကိန်းဧရိယာအတွင်း တနင်္သာရီတိုင်း ဒေသကြီး သေနတ်ပစ် အားကစား ဆပ်ကော်မတီမှ သေနတ်ပစ်လေ့ကျင့်ရေး ကွင်းတစ်ခုကို ပြီးခဲ့သည့်နှစ်က ပြုလုပ်ထားပြီး သေနတ်ပစ်အားကစား ဝါသနာ ရှင်များအား လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း ဦးသူရက ပြောသည်။

အဆိုပါပြိုင်ပွဲသည် တနင်္သာရီတိုင်း မြိတ်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမှ အနိုင်ရရှိ သူများအနေဖြင့် လာမည့်ဇွန်လအတွင်း ကျင်းအပြုလုပ်မည့် တိုင်းနှင့်ပြည်နယ် သေနတ်ပစ်အားကစား ပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Dawei Watch