အုတ်ဖိုမီးခိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို ရွာသားများ စိုးရိမ်

0
609

အုတ်ဖိုများမှ ထွက်သည့် မီးခိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ရေမြစ်ကြီးရွာသားများမှ ပြောဆိုသည်။

မြိတ်မြို့၊ စန္တဝတ်ကျေးရွာအုပ်စု၊ ရေမြစ်ကြီးကျေးရွာတွင် အုတ်ဖို နှစ် ဆယ်ခန့်ရှိပြီး ယင်းမှထွက်သည့်မီးခိုး များ ရွာအတွင်း နေ့စဉ်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ယင်းကြောင့် ရေရှည်တွင် ရွာသား များ မျက်စိနှင့်အဆုတ်စသည့် ကျန်းမာ ရေး ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိကြောင်း အဆိုပါရွာသားများက ပြောသည်။

မီးခိုးများသည် ရွာအတွင်းသို့ ညဦးအချိန်နှင့် နံနက်အချိန်များတွင် ဝင်ရောက်လျက်ရှိပြီး နေ့ဘက်တွင်မူ ဝင်ရောက်ခြင်းမရှိဟု ရွာသားများက ဆိုသည်။

“တစ်ပြိုင်တည်း မီးထိုးလိုက်ရင် ရွာထဲကို အလုံးလိုက်ဝင်လာတာ ညော်နံ့ကြီးက မခံနိုင်ဘူး”ဟု အသက် ၆၂ နှစ်ရှိ ရေမြစ်ကြီးရွာသား ဦးအိုစိန်က ပြောသည်။

အုတ်ဖိုအားလုံး တစ်ပြိုင်တည်း မီးထိုးသည်ကို ရွာသားများအနေဖြင့် မခံနိုင်သည့်အတွက် ရွာနှင့်ဝေးသည့် နေရာ (သို့မဟုတ်) မီးထိုးချိန်လွဲကာ ပြုလုပ်စေချင်ကြောင်း ရွာသားများက ပြောဆိုသည်။

“မီးခိုးဘယ်လောက်များလည်းဆိုတော့ ရွာလမ်းပေါ်ဆိုင်ကယ် အချင်းချင်း ခဏခဏ တိုက်ကြတယ်။ မီးကြီးထွန်း တာတောင် မမြင်ရဘူး”ဟု အသက် ၃၅ နှစ်ရှိ ရေမြစ်ကြီးရွာသားက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရေမြစ် ကြီး ရွာသူရွာသားများမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက တနင်္သာရီတိုင်း အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့သည့်အတွက် ဌာနဆိုင်ရာတစ်ချို့မှ လာရောက်ကြည့်ရှု ခဲ့သည်။

သို့သော် ယနေ့အထိ ထူးခြားမှု မရှိခဲ့ကြောင်း တိုင်ကြားခဲ့သူများက ပြောပြသည်။

“ကိုယ့်စီးပွားရေးလုပ်မယ်ဆိုရင် ရွာသားတွေ ဒုက္ခကိုလည်း ပြန်ကြည့် စေချင်တယ်”ဟု တိုင်ကြားရာတွင် ပါဝင် ခဲ့သည့် အသက် ၅၅ နှစ်အရွယ် ရွာသားက ပြောသည်။

ယင်းအုတ်ဖိုများသည် လွန်ခဲ့သည့် ၃ နှစ်ခန့်က ရွှေပေးရွာအနီးမှ ပြောင်း ရွှေ့လာသည့် အုတ်ဖိုများဖြစ် ရွာသားများက ပြောပြသည်။

အုတ်ဖုတ်လုပ်ငန်းကို နွေရာသီနှင့် ဆောင်းရာသီတွင် လုပ်ကိုင်ကြပြီး မိုး ရာသီတွင်မူ ရပ်နားထားကြောင်း ကျေးရွာသားများက ဆိုသည်။

အုတ်ဖိုမှ မီးခိုးငွေ့များ ရာသီဥတု ကြောင့် ရံဖန်ရံခါ ရွာအတွင်းသို့ ဝင်ရောက် တတ်ပြီး အမြဲတမ်းဝင်နေခြင်း မရှိကြောင်း စန္တဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။

“သူက တောက်လျှောက်ဖြစ်နေတာ မဟုတ်ဘူး။ ရာသီဥတုဆိုးမှ မီးခိုးငွေ့ တွေက အပေါ်မတက်နိုင်ပဲ ပြားပြီးတော့ ရွာထဲကို ဝင်လာတာပါ”ဟု ၎င်းက ပြောသည်။

ရေမြစ်ကြီးရွာသားများနှင့် ဖေဖော် ဝါရီ ၂၀ ရက်က သွားရောက်တွေ့ဆုံပြီး အမြဲတမ်းဖြစ်လာလျှင် အကြောင်းကြား ရန် မှာကြားခဲ့ကြောင်း ဦးမောင်ဌေးက ပြောပြသည်။

“ကျန်းမာရေးထိခိုက်လာပြီဆိုရင် ဆက်မလုပ်ဖို့ ကျွန်တော်တို့တားပေးမယ်။ ဆက်လုပ်ဖို့လည်း မသင့်တော်ဘူးလေ”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ရေမြစ်ကြီးကျေးရွာတွင် အိမ်ထောင် စု ခုနစ်ရာကျော်ရှိပြီး လယ်ယာနှင့် ဥယျာဉ်ခြံများ အဓိကလုပ်ကိုင် စားသောက်ကာ တံငါလုပ်ကိုင်သူတချို့လည်း နေထိုင်လျက်ရှိကြောင်း ယင်း ရွာသားများထံမှ သိရသည်။

ကိုဆန်း