လောင်းလုံး၊ ကညုံကျွန်းရွာတွင် ရေစရှား

0
397

လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ဒုတိယ အပတ်မှစပြီး သောက်သုံးရေ ရှားပါးနေ ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။

ကညုံကျွန်းကျေးရွာတွင် နွေရာသီ ရေရှားပါးမှုဖြစ်ပေါ်ပါက သုံးစွဲရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် တူးဖော်ထားသည့် ရေကန်မှာ ခမ်းခြောက်သွားသဖြင့် ရွာ အရှေ့ပိုင်းနှင့် ရွာအနောက်ပိုင်းတွင် ရေရှားပါးနေခြင်းဖြစ်ကြောင်း ဦးလှဝင်းက ပြောသည်။

“ကျွန်တော်တို့ရွာ့မှာက အိမ်ခြေ ငါးရာနီးပါးရှိတယ်ဆိုတော့ အခုဆိုရင် (အိမ်ခြေ) သုံးရာနီးပါးလောက်ကို ရေရှား နေပြီ။ အိမ်ခြေရှစ်ဆယ်လောက်ရှိတဲ့ ရွာမ ရွာထဲမှာဆို ပိုပြီးရေအခက်အခဲဖြစ် နေတယ်။ အခုက ရှိတဲ့ကန်မှ ဒီလိုပဲ လိုက် ခပ်နေရတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းကျေးရွာ အနီးတွင်ရှိသည့် ကထောင်းနီကျေးရွာတွင်လည်း ရေ အနည်း ငယ်ရှားပါးနေသော်လည်း အခြားရွာမှ ရေသယ်ကားများ ရေလာရောက် ရောင်းချ နေခြင်း၊ တောင်ကျချောင်းမှ သွယ်တန်း ထားသည့် ရေပိုက် ရှိနေခြင်းတို့ကြောင့် ရေအခက်အခဲ မရှိသေးကြောင်း ၎င်းက ပြောသည်။

ကထောင်းနီနှင့် ကညုံကျွန်း ကျေးရွာ ချင်းဆက်လမ်း ဖောက်လုပ် နေဆဲဖြစ် သောကြောင့် ရေသယ်ကားများ ကညုံ ကျွန်းကျေးရွာသို့ လာရောက်ရန် အခက် အခဲရှိနေကြောင်း ၎င်းက ပြောသည်။

ကညုံကျွန်းကျေးရွာသို့ ရေအလှူ သွားမည့်သူများအနေဖြင့် ကုန်းလမ်းမှ သွားရန် အခက်အခဲရှိပါက ထားဝယ်မြစ် အတိုင်း လှေဖြင့် သွားရောက်နိုင်မည် ဖြစ်သည်။

ကျေးရွာများတွင် ရေရှားပါးမှုဖြစ် ပေါ်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှုးများ သည် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးထံ အကြောင်းကြားရလေ့ ရှိသည်။

ထားဝယ်ခရိုင်အတွင်း အခြားကျေးရွာ များတွင်လည်း ရေရှားပါးခြင်းရှိ၊ မရှိ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၂၀ ရက်က သွားရောက် မေးမြန်းရာ ရေရှားနေသည့် ကျေးရွာများ စာရင်း ပေးပို့လာခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျော်သူစိုး