မောင်းမကန်ကမ်းခြေ ကျူးကျော်ဆိုင်များကို ဖျက်သိမ်းခိုင်း၊ ကမ်းခြေတောင်ဘက်တွင် ယာယီ နေရာပေး

0
1733

မောင်းမကန်ကမ်းခြေ သဲသောင်ပြင် တွင် ကျူးကျော်ရောင်းချနေသည့် ဆိုင်များကို ဖျက်သိမ်းခိုင်းပြီး ကမ်းခြေတောင်ဘက် အပိုင်းတွင် ယာယီနေရာချထားကြောင်း မောင်းမကန်ကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီနှင့် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကမ်းခြေသဲသောင်ပြင်တွင် ကျူးကျော်ရောင်းချနေသည့်ဆိုင် ငါးဆယ်ခန့် ရှိပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ငါးနာရီ နောက်ဆုံးထားဖျက်သိမ်းရန် ပြောဆိုညှိနှိုင်းခဲ့ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးလေးဝင်းက ဆိုသည်။

သဲသောင်ပြင်ကျူးကျော်ဆိုင်များကို စိစစ်ရာ အမှန်တကယ်ဆိုင်ခန်း မရှိသည့်အတွက် ကျူးကျော်ရောင်းချနေရ သည့် ငါးခြောက်ဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အအေးဆိုင်၊ အဝတ်အထည် ဆိုင် စသည့် ၁၆ ဆိုင်သာရှိကြောင်း ဦးလေးဝင်းက ဆိုသည်။

ဘန်ဂလိုအရှေ့ယာယီဆိုင်ခန်းရှိသူ များကလည်း သဲသောင်ပြင်တွင် ကျုးကျော်ရောင်းချနေသည်။

“ဆိုင်ရှိလျက်သားနဲ့ သူ့ဆိုင်ရှေ့မှာ လာပိတ်မှာစိုးလို့ ထွက်ရောင်းနေတာ လည်းရှိတယ်”ဟု ဦးလေးဝင်းက ပြောသည်။

ဆိုင်ခန်းမရှိသည့် အဆိုပါ ၁၆ ဆိုင်ကို ကမ်းခြေတောင်ဘက်အပိုင်းရှိ အယ်စို စားသောက်ဆိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး ဘန်ဂလိုအကြားတွင် နေရာချထားပေးပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငါးခြောက်ဆိုင်များကို ငါးပေ အကျယ်နှင့် ကျန်သည့်ဆိုင်များကို ၁၀ အကျယ် သတ်မှတ်ပေးထား ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

လက်ရှိချထားသည့် နေရာမှာ ခရီးသည်လာရောက်မှု နည်းပါးသည့်နေရာ ဖြစ်နေခြင်း၊ ဆိုင်ခန်းအကျယ်အဝန်း ကျဉ်းမြောင်းခြင်း တို့ကြောင့် အဆင် မပြေကြောင်း သဲသောင်ပြင်တွင် ကဏန်း ကြော်နှင့် ကြံရည်ရောင်းချသည့် အမျိုး သမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့ဘက်က ဘယ်လိုမှ အဆင်မပြေဘူး။ လူသူမလာတဲ့နေရာမှာ ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သဲသောင်ပြင်ရှိ ကျူးကျော်ဆိုင်များကို ယာယီနေရာချထားပေးခြင်းဖြစ်ပြီး အတည်မဟုတ်သေးကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ဆိုသည်။

“အဲဒီနေရာကလည်း လတ်တလော ယာယီရည်ရွယ်တဲ့ သဘောပါပဲ။ အတည် ချပေးမယ့် သဘောမျိုးတော့ မဟုတ်သေး ပါဘူး ခင်ဗျား”ဟု ဦးကံထူးက ပြောသည်။

ကမ်းခြေရှိ ယာယီဆိုင်ကြီးအချို့က နေရာချဲ့ထွင်ကာ ရေချိုးခန်း၊ တည်းခို သည့်အခန်းများကို ထည့်သွင်းတည် ဆောက်ထားကြသည်။

အဆိုပါ ယာယီဆိုင်ကြီးများကို သေချာစွာကြပ်မတ်ပြီး ပိုထွက်လာမည့် နေရာတွင် သဲသောင်ပြင်၌ ရောင်းချနေရ သူများကို နေရာချပေးစေလိုကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

အထက်ပါယာယီဆိုင်များကို ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ်ခန့်ကတည်းက ဆိုင် ၏ အကျယ်အဝန်းကို ဓာတ်ပုံမှတ်တမ်း များဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးက မှတ်တမ်းတင် မှတ်သားထားပြီးဖြစ်ကြောင်း ဦးလေးဝင်းက ပြောသည်။

ယာယီဆိုင်များကို ပြန်လည် စိစစ်ရေးအတွက် ၎င်း၏အထက်(ခရိုင် အဆင့်)တာဝန်ရှိသူများထံ ဆွေးနွေးတင်ပြကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ဆိုသည်။

ကမ်းခြေသဲသောင်ပြင်ရှိ ကျူးကျော် ဆိုင်များကြောင့် မိသားစုအလိုက် အပန်း ဖြေအနားယူနိုင်မည့် နေရာမရှိတော့ခြင်း၊ ကျူးကျော်ဆိုင်များကြောင့် ကမ်းခြေ အလှ မမြင်ရတော့ခြင်း စသည့် အချက် များကြောင့် ဒေသခံများ၊ ခရီးသွား ဧည့်သည်များ အကြားတွင် ပြောဆိုဝေဖန် မှုမြင့်တက် နေခဲ့သည်။

Dawei Watch