ထားဝယ်တက္ကသိုလ် ရေရှိရေး ရန်ပုံငွေ သိန်းရှစ်ရာကျော် ထပ်အသုံးပြု

0
1084

ထားဝယ်တက္ကသိုလ် ကျောင်းဝင်း အတွင်း တောမိုးတောင်မှ သွယ်တန်းထားသည့် ရေများ ဖြန့်ဖြူးရေးအတွက် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသည့် ငွေကျပ် သိန်းရှစ်ရာကျော် (၈၃၀ သိန်း) ဖြင့် ဆောင်ရွက်ထားကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့် က ပြောသည်။

ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ရန်ပုံငွေ ကျပ်သိန်းရှစ်ရာကျော်(၈၃၆ သိန်း) ဖြင့် ယမန်နှစ်က ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

ယင်းတက္ကသိုလ်ရေရှိရေးအတွက် တောမိုးတောင်မှ ရေပိုက်သွယ်ခြင်းကို ထားဝယ်ခရိုင် ဆည်မြောင်းနှင့် ရေ အသုံးချမူ စီမံခန့်ခွဲရေး ဦးစီးဌာန (ရေ အရင်းအမြစ်) က တာဝန်ယူလုပ်ဆောင် ခြင်းဖြစ်ပြီး သွယ်တန်းပြီးသောရေကို တက္ကသိုလ် ဝင်းအတွင်း ဖြန့်ဖြူးခြင်းကို ထားဝယ်တက္ကသိုလ် ဘက်မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ်ဝင်းအတွင်း ရှိ အဆောင်များကို ရေပိုက်သွယ်တန် ခြင်း စသည့် ရေဖြန့်ဖြူရေးလုပ်ငန်းများကို တင်ဒါအောင် ကုမ္ပဏီက ယခုနှစ် အတွင်း အပြီးလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

“တင်ဒါအောင်တဲ့ ကုမ္ပဏီကိုတော့ အတတ်နိုင်ဆုံး စောစောလုပ်ပေးဖို့တော့ ပြောထားတယ်။ ဒီမှာက ဖြန့်ဖြူးတဲ့ အပိုင်းက မရှိသေးတဲ့အတွက် ရွှေဝယ်ထိပ်ထား(ကျောင်သူအဆောင်)တို့ ဘာတို့ အစပေါ့လေ ရေကအခုချိန်အထိ အခက် အခဲ ဖြစ်မြဲဖြစ်နေတာပေါ့လေ”ဟု ၎င်းက ဆိုသည်။

ထားဝယ်တက္ကသိုလ်တွင် ရေမရှိ သဖြင့် လက်ရှိ အခက်အခဲဆုံးဖြစ်နေသူ များမှာ တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် နေ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များဖြစ်ပြီး စာသင်ဆောင်ရှိ အိမ်သာများ တွင်လည်း ရေမရှိသဖြင့် အခက်အခဲဖြစ် နေကြောင်း ယင်းတက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဒုဥက္ကဋ္ဌ မသိရီမိုးက ပြောသည်။

“သူက ရေကို အပြင်က ဝယ်ပေးတယ် လို့ ပြောတယ်။ ရေကားကလည်း နှစ် ရက်ခြားမှ တစ်ခါလောက်လာတာ ဆိုတော့ တစ်ခါတလေဆို ရေမချိုးရတဲ့ အပိုင်းတွေ ရှိတယ်။ အိမ်သာတွေမှာ လည်း ရေမရတဲ့ အခက်အခဲတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ်တက္ကသိုလ်အတွက် နေ့စဉ် ရေဂါလံ နှစ်သောင်း သုံးထောင် ကျော် ရရှိမည်ဟု ထားဝယ်ခရိုင် ဆည် မြောင်းနှင့် ရေအသုံးချမူ စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)က တွက်ချက် ထားသော်လည်း နွေရာသီတွင် တစ်ခါတစ်ရံ ရေပြတ်လပ်နိုင်ကြောင်း ဒေါက်တာ ချိုချိုမြင့်က ပြောသည်။

ကျော်သူစိုး