ထားဝယ်လေထု အရည်အသွေး ပုံမှန်အတိုင်းရှိမြဲ

0
674

တနင်္သာရီတိုင်း သဘာ၀ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဦးစီးဌာနမှ လေထုအရည်အသွေး တစ်လတစ်ကြိမ် တိုင်းတာချက်အရ ထားဝယ်လေထုအတွင်း လူနှင့် အခြားသက်ရှိ၊ သက်မဲ့များကို ထိခိုက်စေနိုင်သည်အထိ ဓာတ်ငွေ့များ ရှိမနေဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။

လေထုအရည်အသွေးကို နယူး ဇီလန်နှင့် ယူကေနိုင်ငံထုတ် လေထု အရည်အသွေးတိုင်း ကိရိယာနှစ်ခုဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုက် အောက်ဆိုက်၊ နိုင်ထရိုဂျင် စသည့် ဓာတ်ငွေ့အမျိုးအစားများကို တိုင်းတာ နေခြင်းဖြစ်ကြောင်း အထက်ပါဌာ တာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းကဲ့သို့တိုင်းတာချက်အရ ကမ္ဘာ့ဘဏ်နှင့် သဘာ၀ပတ်ဝန်းကျင် ဦးစီးဌာနက သတ်မှတ်သော အန္တရာယ်ရှိစံချိန်၊ စံညွှန်းဖြစ်သည့် 9 PPM ထက်မကျော်ဘဲ အနိမ့်ဆုံး 2 PPMမှ အမြင့်ဆုံး 4 PPM အထိသာရှိကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

PPM သည် လေထုထဲတွင် ပါဝင်သည့် အန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့ ပမာဏကို ဖော်ပြသည့် ယူနစ်ဖြစ်သည်။

“ကျွန်တော်တို့ တိုင်းတာချက်အရ တော့ ထားဝယ်ရဲ့ လေထုက ပုံမှန် အတိုင်းပဲ။ ဘာလို့လဲဆိုတော့ အခြားမြို့တွေလို စက်မူ၊ လက်မူလုပ်ငန်းတွေ မရှိဘူး။ စက်မူဇုံမျိုးလဲ မရှိဘူး။ အဲတာကြောင့် လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ကြီးကြီးကျယ်ကျယ် ကျနိုင်တဲ့ အနေအထားအထိ မထွက်နိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့လေထုအရည်အသွေး ကို ယာဉ်အသွားအလာများသော နေရာ များဖြစ်သည့် ဥတ္တံားကြီး၊ ဆန်းချီ၊ မြိတ်လမ်း စသည့် လမ်းဆုံသုံးခုတွင် တစ်လလျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၂ နာရီ(နံနက် ၇ နာရီမှ ညနေ ၇ နာရီ အထိ) တိုင်းတာကြောင်း ၎င်းက ပြောသည်။

သို့သော် တနင်္သာရီတိုင်းတွင် လေထုအတွင်း အမှုန်၊ အမွှားပါဝင်မူကို တိုင်းတာနိုင်ခြင်း မရှိသေးသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ရုံးချုပ်၏ စာရင်များအရ လေထု အတွင်း ယင်းအမှုန်အမွှားပါဝင်များသည့် ဒေသစာရင်းတွင် တနင်္သာရီတိုင်း မပါဝင်ကြောင်း တိုင်းသဘာ၀ပတ်ဝန်းကျင် ထိမ်းသိန်း ရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး