ဦးသန့်ရှင်းဟု ခေါ်ပေးပါ

0
833
ကြော်ငြာဝန်ဆောင်မှု

မျက်လုံးသာ ဖော်ထားသည်။ သူ့မျက်နှာနှင့် ခေါင်းတစ်ခုလုံးကို အဝတ်ဖြင့် တင်းကျပ်စွာ စည်းနှောင်ဖုံး အုပ်ထားသည်။

ကော်ပုံးငယ်တစ်လုံး၏ ကိုင်းကို လျှိုတွဲထားသည့် ပေါက်တူးတစ်လက်ကို ပုခုံးတွင် ထမ်းထားသည်။

ထားဝယ်မြို့၏ ရပ်ကွက် လမ်းကြို လမ်းကြားများတွင် သူ့ကို တွေ့ရမည်။

လူကုံထံအများစု အခြေစိုက်သည့် မြို့တွင်းရပ်ကွက်တို့တွင်ဆိုလျှင် အသံ အုပ်အုပ် မတိုးမကျယ် သူအော်မည်။

“မိလ္လာ…” “မိလ္လာ…”

သူ့အသံကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိတ်အနှောင့်အယှက် မဖြစ်စေလို။

မအော်လို့ကလည်း မဖြစ်။ သူ့ကို လိုအပ်နေသည့်အိမ်များက လူလာရောက်ကြောင်း သိရန်လည်း လိုသေးသည်။

လူလတ်တန်းစားများ၊ အခြေခံ လူတန်းစားများ အများစု အခြေစိုက်သည့် မြို့ဆင်ခြေဖုံးရပ်ကွက်များတွင်ဆိုလျှင် သူရောက်နေသည့် အိမ်ရှေ့မှ အိမ်ရှင်တို့ကြားလောက်ရုံ အသံဆွဲလေး ဖြင့် သူအော်မည်။

“နောက်…ဖေး”

“နောက်…ဖေး”

တစ်ချိန်က ထားဝယ်မြို့တွင် ပေါက်တူးတစ်လက်၊ ကော်ပုံးတစ်လုံး ဖြင့် မျက်နှာကို အဝတ်စည်းကာ လမ်း တကာလှည့် မိလ္လာရှင်းပေးသူတို့ လေးဦး၊ ငါးဦးမက ရှိခဲ့သည်။
လက်ရှိတွင် သူတစ်ယောက်သာ ကျန်လေပြီ။

သူ့အော်သံကြားလျှင် လိုအပ်သူတို့ က သူ့ကို လှမ်းခေါ်မည်။

အနံ့တထောင်းထောင်း၊ ယင် ကောင်တလောင်းလောင်း၊ မစင် စိမ်းစိမ်း တို့က လောက်ကောင်ဖွေးဖွေးဖြင့် သူ့ကို ကြိုနေမည်။

အနံ့လှိုင်လှိုင်ထကာ လောက် ကောင်ဖွေးဖွေး မစင်စိမ်းတို့ ဖိတ်လျှံကျ နေသည့် အိမ်သာအောက်က မစင်ပုံးက လူတိုင်းအတွက်တော့ ရွံစရာ။ မျက်နှာ လွှဲချင်စရာ။

သူ့အတွက်က ငွေမြိုးမြိုးမြက်မြက် ရမည့် ပျော်စရာလုပ်ငန်းခွင်။

ထို လောက်ကောင်ဖွေးဖွေးမစင်များ ကို သူတွင် အသင့်ပါလာသည့် ပေါက်တူး ဖြင့် ခပ်မည်။ ကော်ပုံးထဲ ထည့်မည်။

ထိုခြံအတွင်း မြေနေရာအလွတ်တွင် ရှိလျှင် ထိုမြေအလွတ်တွင် မြှုပ်မည်။ မြေလွတ်မရှိလျှင်၊ မစင်များလျှင် အိတ် ဖြင့် လုံခြုံစွာ ထုပ်ပိုးကာ ဆိုက်ကား၊ ထော်လာဂျီ၊ သုံးဘီး စသဖြင့် အဆင် သင့်သည်ကိုငှား၍ အမှိုက်ကန်၏ သတ် မှတ်နေရာတွင် သွားပစ်မည်။

သူ မစင်ကို ပေါက်တူးတစ်ချက် ပေါက်လိုက်တိုင်း အသစ်အသစ်သော မစင်နံ့အမျိုးမျိုး လှိုက်ခနဲ လှိုက်ခနဲ တက်တက်လာမည်။

ထိုအနံ့က သူ့အတွက် မစင်နံ့ မဟုတ်၊ ငွေရနံ့။

“မစင်ကို မစင်လို့ မမြင်တော့ဘူး။ ငွေလို့ပဲ မြင်တယ်”ဟု သူက ဆိုသည်။

ထိုသို့ အလုပ်လုပ်ရပြီး အိမ်ပြန်ရ သည့်ရက်ဆိုလျှင် သူ့ခြေလှမ်းတို့က ပိုတက်ကြွနေမည်။

“တချို့က ပြောတယ်။ မိလ္လာသိမ်းခ ဈေးကြီးတယ်တဲ့။ ကျွန်တော် ပေးထားတဲ့ အရင်းအနှီးကလည်း ကြီးတယ်လေ”ဟု သူက ပြောသည်။

ပေါက်တူးတစ်လက်၊ ကော်ပုံးငယ် တစ်လုံးနှင့် ခြေကျင်သွားနေသူက အရင်း အနှီးကြီးသည်ဆို၏။

လူအများက သူ့ကို “တွတ်တီး” ဟု ခေါ်ကြသည်မှအစ သူ့အရင်းအနှီးက စတင်သည်။

“တွတ်တီး” ဟုဆိုလိုက်လျှင် “မစင် ကျုံးသူ(ထားဝယ်လို ခ္လေးက္လောင်းမား)”ဟု ခေါ်လိုက်ခြင်းဟု သူက ပြောသည်။

သူ့ ယခုအလုပ်ကို လူပျိုကတည်းက စလုပ်ဖြစ်ခဲ့သည်။

ကနဦးတွင် သူက လက်ဖက်ရည် ဖျော်ဆရာ။ ဝင်ငွေ မကောင်း။

အစ်ကိုဖြစ်သူ စည်ပင်နေ့စား ဝန်ထမ်းက ထိုအလုပ်ကို လုပ်သည်။ သူငွေလိုသဖြင့် သူ့အစ်ကိုတွင် ထိုအလုပ် အတွက် လူလိုချိန် သူလိုက်လုပ်သည်။

ပထမဆုံး အခေါက်တွင် အော်ဂလီ ဆန်ဖွယ်အနံ့ဆိုးနှင့် လောက်ကောင် ဖွေးဖွေး မစင်ပုံးကြီးကြောင့် သူ ထိုးအန် သည်။ သို့သော် သူ အောင့်အည်းကာ လုပ်သည်။

မစင်ကို ပေါက်တူးဖြင့် ကျုံးသည်။ ခြံထောင့်တွင် တွင်းတူးမြှုပ်သည်။

“အဲဒီအခေါက်က ကျွန်တော် နှစ် ရက်လောက် ထမင်းစားပျက်သွားတယ်”ဟု သူက ဆိုသည်။

ခဏအတွင်း ငွေ မြိုးမြိုးမြက်မြက် ရသဖြင့် သူအကြိုက်တွေ့သွားသည်။ အစ်ကိုနောက် ခဏခဏလိုက်ကာ မစင် ကျုံးရင်း အချိန်ပိုင်း မိလ္လာလုပ်သားဘ၀ စတင်သည်။

နောက်တွင် လူတစ်ယောက် သူ့ကို လာခေါ်သဖြင့် သူလိုက်သွားသည်။ သူတစ်ယောက်တည်း အလုပ်လုပ်ဖြစ် သွားရာမှ ငွေရပေါက်ကြီး သူတွေ့သွား သည်။ သူ့အစ်ကိုက သူ့ကို ကျော်သည်၊ ခွသည်၊ တစ်ယောက်တည်းအလုပ် လက်ခံသည်ဟုဆိုကာ သူ့ကို မခေါ် တော့။

ထိုအခါ သူတစ်ဦးတည်း ဂွင်ရှာ သည်။

ကြားထဲတွင် သူ့ချစ်သူကို သူ မရမက ယူသည်။ ထိုအလုပ်ဖြင့်ပင် သူ ရှာကျွေး သည်။

သူက နံနက်တွင် ထွက်သွားသည်။ လူပြတ်သည့်နေရာတွင်မှ မျက်နှာကို အဝတ်စည်းသည်။ အလုပ်ပြန်လျှင်လည်း နံနက်က ထွက်သွားစဉ်ကအတိုင်း ဟန်မပျက် ပြန်သည်။

သူ့မိန်းမက သူ မိလ္လာလုပ်သား လုပ်သည်ကို မသိ။ သူ့ကို ရွံရှာကာ ထားခဲ့မည်စိုး၍ သူဖုံးထားသည်။

မိန်းမကလည်း အလုပ်ပြန်လျှင် ယောက်ျား၏ ကိုယ်က မြေကြီးနံ့လိုလို၊ ရွှံ့နံ့လိုလို ရသည်။ ငွေများများရလာလျှင် မသမာသောနည်းဖြင့် ရှာလာသလောဟု သံသယဝင်သည်။

မေးကြည့်လျှင် “ဟိုအိမ်ရှေ့ မြောင်း ရှင်းသည်၊ သည်အိမ် ခြံစည်းရိုးရံသည်” စသဖြင့် အလျဉ်းသင့်သလို ဖြေသည်။

“ဖုံးထားပေမယ့် တစ်နေ့နေ့ သိလာ မယ်ဆိုတာတော့ သိနေတယ်လေ”ဟု သူက ပြောသည်။

ထိုတစ်နေ့နေ့ ဆိုသည်က သားအကြီး တစ်နှစ်သားအရွယ်တွင် ရောက်လာသည်။

ထိုနေ့က သူက ပေါက်တူးတစ်လက်၊ ပုံးတစ်လုံးဖြင့် ရပ်ကွက်တကာ လှည့်နေ စဉ် နေအိမ်ရှိ သူ့မိန်းမ မဖြူလေး(အမည် လွှဲ)ထံ သူ့အသိတစ်ယောက် ရောက်လာသည်။

“နင့်ယောက်ျား ဘယ်မှာလဲ။ ဒီနေ့ ငါ့ကို အလုပ်ခေါ်မယ်ဆိုပြီး မခေါ်ဘူး”

ထိုအခါ မဖြူလေးက နားမလည် နိုင်စွာ ပြန်ပြောသည်။

“ကျွန်မယောက်ျားက အလုပ်သွား ရှာတာလေ။ သူကိုယ်တိုင်တောင် အလုပ် လိုက်ရှာနေရတာ၊ အခြားလူကို ဘယ်လို အလုပ်ပေးနိုင်မှာလဲ”

ထိုသို့ အပြန်အလှန်ပြောရင်း မစင် ကျုံးသည့်ကိစ္စတို့ ပါလာသည်။ မဖြူလေး နားမလည်နိုင်။

“ဘာလဲ ချေးကျုံးတာ၊ ငါ့ယောက်ျားက ထရံကာ၊ မြောင်းတူးတွေ လုပ်တာလေ”

“ဟ မိန်းမလုပ်နေပြီး ကိုယ့်ယောက်ျား တွတ်တီး(မစင်ကျုံးသမား) လုပ်နေတာ မသိဘူးလား”
ငိုသည်။ မဖြူလေး တစ်နှစ်သား ကလေးကို ဖက်ငိုသည်။

“ရှက်လိုက်တာ။ ငါက မစင်ကျုံးတဲ့ တွတ်တီးမယားတဲ့။ လိမ်တယ်။ ငါ့ယောက်ျား ကလည်း ငါ့ကို လိမ်ပြီးယူတယ်။ ကလေး တစ်ယောက်ရမှ၊ ပတ်ဝန်းကျင်နားပေါက် တွေက လျှံထွက်လာမှ၊ ပြဿနာတက်မှ ငါသိရတယ်။ ငါ့ယောက်ျားက ကလိမ် ကကျစ်။ ငါက ချေးကျုံးသမားမယား။ မပေါင်းဘူး။ ငါ ချေးကျုံးသမားမယား အဖြစ်မခံနိုင်ဘူး။ သူ့ကိုငါ အပြတ် ဖြတ်မယ်။ ကွာမယ်”

ယောက်ျားအပြန်ကို ဒေါသမောင်း တင်ကာ စောင့်သည်။ ယောက်ျား ပြန် ရောက်သည်နှင့် ပိုးစိုးပက်စက်ပြောကာ ဘာကြောင့် လိမ်ထားလဲ မေးသည်။

ယောက်ျားဖြစ်သူက တိုးတိုးလေး ပြန်ပြောသည်။

“နင် ငါ့ကို ထားခဲ့မှာ စိုးလို့”

မဖြူလေး ငိုသည်။ ကလေးမျက်နှာ ကြည့်ကြည့်ပြီး ငိုသည်။ ယောက်ျား ဖြစ်သူ၏ သူ့အပေါ် အနွံအတာခံခဲ့သည်များ တွေးတွေးပြီး ရှိုက်ငိုရပြန်သည်။

ငတ်တစ်လှည့် ပြတ်တလှည့် ဆိုပေမယ့် ရိုးသားစွာ ရုန်းကန်ခဲ့သည့် ယောက်ျား။

အိမ်တွင် စားစရာမရှိလျှင် အလှူ အိမ်တွင် သွားတောင်းကျွေးခဲ့သည့် ယောက်ျား။

အသုဘအိမ်တွေ မှတ်လာကာ ရက် လည်နေ့ဆိုလျှင် ကျွတ်ကျွတ်အိတ်ကလေး ကျစ်ကျစ်ဆုပ်ကာ ထွက်သွားပြီး အပြန် တွင် မုန်ဟင်းခါးလေး ဆွဲပြန်လာတတ် သည့် ယောက်ျား။

နားကပ်လေး ဝတ်ချင်တယ်ပြော လျှင် ရသည့်လုပ်အားခထဲက မရမက ခြစ်ဖဲ့ကာ ဝယ်ပေးတတ်သည့် ယောက်ျား။ ထိုနားကပ်လေးကို တစ်ပတ်လောက်သာ ဝတ်ရပြီး ဝမ်းစာအတွက် ပြန်ရောင်းခဲ့ရ ပေမယ့် လွတ်လပ်စွာ ပျော်ရွှင်ကြည်နူးခဲ့ ရသည့် အချိန်လေးများ။

နှစ်ဘက်မိဘဆွေမျိုးထံ လက်မဖြန့် ဘဲ၊ မခိုးမဝှက်ဘဲ၊ လူတကာ အရွံရှာဆုံး၊ အနိမ့်ကျဆုံးဟု သတ်မှတ်ထားသည့် အလုပ်ကို မရှက်မကြောက် လုပ်ခဲ့သည့် သူမယောက်ျား။
မဖြူလေး အငိုရပ်လိုက်သည်။

“နောက်တစ်ခါ ရှင့်အလုပ်မှာ လူလိုရင် ကျွန်မကို ခေါ်။ တစ်ခြားလူကို ငွေ ခွဲမပေးရတော့ဘူးပေါ့။ တွတ်တီးကို ယူပြီးမှ တွတ်တီးမယားအခေါ်ခံရတာ ဝန်မလေးတော့ဘူးလေ”

မဖြူလေး သူ့ယောက်ျားနောက် အတင်းလိုက်သည်။ နောက်နားက ခွာ၍ လိုက်သည်။

လူတို့က သူ့ယောက်ျားကို “တွတ်တီး”ဟု ခေါ်လျှင် မဖြူလေး ရန်တွေ့သည်။

တချို့က သူ့ကို ဦးသန့်ရှင်းဟု ခေါ် ကြသည်။ ထိုသို့ အခေါ်ခံရလျှင် သူရော သူ့ဇနီးပါ ကျေနပ်သည်။

“ကျွန်မယောက်ျားကို တွတ်တီးလို့ ခေါ်ရင် ကျွန်မ မကြိုက်ဘူး။ နှိမ်သလို ခံစားရတယ်”ဟု မဖြူလေးက ပြောသည်။

တစ်ခါတွင် အလုပ်ရ၍ မဖြူလေး ဝင်ကူရန် ၎င်းအိမ်နောက်ဖေး လိုက်ဝင် သွားသည်။ သူ့ယောက်ျား တားသော်လည်း အတင်းလိုက်ဝင်သည်။

သူ့ယောက်ျားက လောက်ကောင် ဖွေးဖွေး မစင်စိမ်းများကို ပေါက်တူးဖြင့် ကျုံးထည့်နေသည်ကို မျက်လုံးက ကိုယ်တိုင် မြင်လိုက်ရသောအခါ၊ ထောင်းထောင်းထ နေသည့် အနံ့ကို ကိုယ်တိုင် ရှူလိုက်ရ သောအခါ မဖြူလေး ထိုးအန်တော့သည်။

ထိုနေ့ကအစ သူ့ယောက်ျားက မဖြူလေးကို ခေါ်မသွားတော့။ မဖြူလေး ကလည်း ယောက်ျားနောက် မလိုက်တော့။

မဖြူလေး၏ ဘယ်လက်ဖျံတွင် ဆေးမင်ကြောင်ဖြင့် နာမည်တစ်လုံး ရေးထိုး ထားသည်။

ထိုနာမည်က သူ့ယောက်ျား၏ အမည် ရင်းပင် ဖြစ်လေသည်။

“သူက ရိုးသားတယ်။ ဒါကြောင့် သူ့ကို လေးစားတယ်”ဟု မဖြူလေးက ပြောသည်။

လက်ရှိတွင် ဦးသန့်ရှင်းနှင့် မဖြူလေး တွင် သားနှစ်ဦး ရှိသည်။ သားကြီးက သူ့အဖေအပေါ် နားလည်ပေးသော်လည်း သားငယ်က အဖေ့ကို မကြည်ဖြူချင်။

သားငယ်ကို ဦးသန့်ရှင်း ကျောင်း သွားကြိုလျှင် အတန်းဖော်တို့ မတွေ့စေ လို။ အတန်းဖော်တို့က အဖေ့အလုပ်နှင့် ပတ်သက်ကာ နှိမ်ချကျီစားကြမည်ကို ရှက်သည်။

ကျောင်းဝင်းထဲ ဝင်မလာရန်နှင့် ကျောင်းနှင့် အနည်းငယ်လှမ်းသည့်နေရာ တွင်သာ စောင့်ရန် သားငယ်က သူ့ကို မှာထားလေသည်။

သူက သားငယ်လေး ညွှန်ကြား သည့်အတိုင်း လိုက်နာသည်။

မဖြူလေးကတော့ သားတွေကို အဖေ့အလုပ်အတွက် မရှက်ကြရန် ဆုံးမကြောင်း ပြောပါသည်။

“နင်တို့ကို နင်တို့အဖေ ဒီအလုပ်နဲ့ လုပ်ကျွေးလာတာ ဒီအရွယ် ဖြစ်လာပြီ။ မရှက်ကြပါနဲ့ပေါ့လေ”
ယင်းသည် လမ်းပေါ်က မိလ္လာလုပ်သား တစ်ဦး၏ ပေးဆပ်ထားရသည့် ကြီးမား လှသည့် အရင်းအနှီး။

ပေါက်တူးတစ်လက်၊ ကော်ပုံးတစ် လုံး၊ ခြေတစ်စုံသာမဟုတ်။ ဘ၀တစ်ခုလုံး သူရင်းထားရသည်။

ဝင်ငွေက ပုံမှန်မဟုတ်။ မရတစ် ဆယ်ခေါက် ရတစ်ခေါက်။ ရလျှင် မြိုးမြိုးမြက်မြက်လေး ရတတ်သည်။

သို့သော် မဖြူလေးက ယောက်ျား အား ယခုလုပ်ငန်းကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ ကလေးတွေ အရွယ် ရောက်လာပြီ။ တွတ်တီးသားဘ၀ဖြင့် သားတွေကို မထားချင်။

သူကလည်း တွတ်တီးအလုပ်ကို နားလိုက်ချင်သည်။

သို့သော် လက်ရှိ မိသားစုစားဝတ် နေရေးနှင့် အကြွေးနွံက သည်အလုပ်ထဲ ပြန်ဆွဲဆွဲနှစ်သည်။

အလုပ်ပြတ်ချိန်၊ မိသားစုအတွက် အရေးပေါ် ငွေလိုချိန်များတွင် ရပ်ကွက်ထဲ အတိုးနှုန်းကြီးမြင့်စွာ ချေးယူထားမိသည့် အကြွေးက သိန်းဆယ်ချီနေသည်။ ထို အကြွေးအတွက် အတိုးနှင့် လက်ရှိ အိမ် ငှားခ၊ နိစ္စဓူ၀ စားဝတ်နေရေးအတွက် ကုန်ကျငွေက တစ်လတစ်လ သိန်း ဆယ်ဂဏန်း လိုငွေပြနေသည်။

ထိုအတွက် မျက်နှာကို အဝတ်စည်း ကာ ရပ်ကွက်တကာ သူလှည့်နေရဆဲ ဖြစ်သည်။

သို့သော် သူ့တွင် အိပ်မက်တစ်ခု ရှိသည်။

အကြွေးပြေပြီးနောက်ဆိုလျှင်၊ အိမ်ပိုင် လေးတစ်လုံး ရပြီးနောက်ဆိုလျှင် သူ မျက်နှာစည်းကာ လမ်းတကာ လှည့်တော့ မည်မဟုတ်။ လာခေါ်မှ လိုက်တော့မည်။

ယခုမူ ထားဝယ်မြို့ ရပ်ကွက်တကာ ၏ လမ်းကြိုလမ်းကြားတွေထဲ သူ့ကို တွေ့နေရဦးမည်။

သူသည် ထားဝယ်မြို့၏ တစ်ဦး တည်းသာကျန်တော့သည့် လမ်းပေါ်က မိလ္လာလုပ်သား ဖြစ်သည်။

“မိလ္လာ…၊ မိလ္လာ…”

“နောက်ဖေး…၊ နောက်ဖေး…”

သူ့အော်သံကြားလျှင် လိုအပ်သူတို့ က သူ့ကို လှမ်းခေါ်မည်။

အနံ့တထောင်းထောင်း၊ ယင်ကောင် တလောင်းလောင်း၊ မစင် စိမ်းစိမ်းတို့က လောက်ကောင် ဖွေးဖွေးတို့ ပြည့်လျှံနေသည်ကို မြင်ရလျှင် သူ အလုပ်ဖြစ်ပြီ။

သူ့ဇနီး မဖြူထွေးက တောင်းဆိုသည်။

ကော်ပုံးကိုင်းလျှိုသိုင်းထားသည့် ပေါက်တူးတစ်လက်ကိုထမ်းကာ မျက်နှာ ကို အဝတ်စည်းထားသူတစ်ဦးကို တွေ့ လျှင်..၊

“ဦးသန့်ရှင်းလို့ ခေါ်ပေးကြပါ”

မင်းခန့်