ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

0
558

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပြည်နယ်တိုင်း အသီးသီး မှ စစ်တုရင်ကလပ် ၂၇ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

“တစ်ဦးချင်း ခုံအလိုက်မှာတော့ ပထမရတယ်”ဟု မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။

ခုံအလိုက်ပြိုင်ပွဲတွင် မြိတ်စစ်တုရင် ကလပ်မှ ကိုကျော်ဇေယျာက ခုံနံပါတ် လေးတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ်တက္ကသိုလ် စစ်တုရင်ကလပ်လည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ်မှ သိရသည်။

မြင့်မိုရ်(မြိတ်)