ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

0
498

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။

ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။

ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ စက်ရုံတွေဘာတွေနဲ့ စီစဉ်ပေး ရမလားပေါ့။ ဒီ Project အကောင်အထည်ဖော်ဖြစ်သွားမယ်ဆို နောက်ပိုင်းတွေမှာ ဒေသခံတွေအတွက် အရမ်း အကျိုးရှိတဲ့ အရာတစ်ခုဖြစ်လာမယ်လို့ ထင်တယ်”ဟု ကိုအောင်ခန့်ကိုက ဆိုသည်။

၃ ပေ ပတ်လည်ခန့်ရှိ ပုံးတွင် ငါး နှစ်ကောင်ကို အချိန် ၂ နာရီခန့်ယူကာ အပူချိန် ၅၈ ဒီဂရီစင်တီဂရိတ်ဖြင့် ငါးခြောက်လှန်းနိုင်ပြီး စက်ရုံများတွင် အသုံးပြုနိုင်သည့် အနေအထားထိရောက်အောင် သုတေသနပြုလုပ်ကာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကိုအောင်ခန့်ကိုက ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးဖြင့်သာ ထုတ်လုပ်နိုင်ပြီး နောက်ပိုင်းတွင် ဆိုလာမီး ဖြင့် အခြောက်လှန်းနိုင်သည်အထိ စမ်းသပ် တီထွင်သွားမည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ရေလုပ်ငန်း ဖြင့် အသက်မွေးကြပြီး ဒေသလိုအပ်ချက်အရ ငါးခြောက်လှန်းစက်ကို တီထွင် ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ အဖွဲ့ထံမှ သိရသည်။

မိုးမြင့်