ကော့သောင်းတွင် LED မီးတိုင် ငါးတိုင်မှ ဆယ်တိုင်ကြား တပ်ဆင်မည်

0
436

ကော့သောင်းမြို့တွင် သာမန် မီးတိုင်များထက်မြင့်ပြီး အလင်းအား ပိုကောင်းသော LED မီးတိုင် အနည်းဆုံး ငါးတိုင်မှ ဆယ်တိုင်ကြား ယခု ဘဏ္ဍာနှစ်ကုန်ခါနီးတွင် တပ်ဆင်မည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းမီးတိုင် တပ်ဆင်မည့်နေရာများကို အတိအကျ မသတ်မှတ်ရသေး သော်လည်း ကော့သောင်းမြို့ရှိ လမ်းဆုံ၊ လမ်းခွများ အဝိုင်းပတ်များတွင် တပ်ဆင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးသိန်းနိုင်ဦး(ခ) ဦးမိုးတိမ်က ပြောသည်။

“ဒီမီးတိုင်တွေတပ်ဖို့ကိုတော့ သေချာသွားပြီ။ ဘတ်ဂျက်ကတော့ ဘဏ္ဍာနှစ်နောက်ဆုံးလမှ ရမယ်လို့ ပြောတယ်။ လုပ်တော့မယ်ဆိုရင်တော့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တွေကို တင်ဒါပေး ပြီးလုပ်မှာ”ဦးသိန်းနိုင်ဦးက ပြောသည်။

စုံစမ်းမေးမြန်းချက်အရ ထားဝယ်နှင့် မြိတ်မြို့တို့တွင် တပ်ဆင်ထားသည့် LED မီးတိုင်များ၏ ဈေးနှုန်းမှာ တစ်ခု နှင့်တစ်ခု မတူညီဘဲ အားလုံးအပြီးစီး ထားဝယ်တွင် LED မီးတိုင် တစ်တိုင် ကျပ်သိန်းငါးဆယ်နှင့် မြိတ်တွင်ကျပ် နှစ်ဆယ့်ငါးသိန်းရှိကြောင်း ၎င်းက ပြောသည်။

ယင်းမီတိုင်များတပ်ဆင်မည့် နေရာများကိုလည်း သက်ဆိုင်ရာ ဒေသခံများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းကာ ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းမြို့တွင် LED မီးတိုင်များ တပ်ဆင်ရန်အတွက် လက်ရှိတွင် ကျပ်သိန်း၂၅၀ လျာထားကြောင်း ယင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။

ယင်းကဲ့သို့ ကော့သောင်းမြို့တွင် LED လမ်းမီးတိုင်တပ်ဆင်မည့်ကိစ္စကို ကော့သောင်းမြို့ခံ အချို့ကလည်း သဘောကျနေကြသည်။

Dawei Watch