ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြရန် ဆိုင်းငံ့

0
301

အမျိုးသားလွှတ်တော်ကော်မတီနှင့် ဝန်ကြီးဌာနတို့ ကြားနာညှိနှိုင်းမှုအဖြေ
စောင့်ကြည့်မည်

ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် အချို့ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက် ခြင်းကို ပြန်ဖွင့်ပေးရေး ရေလုပ်သားတို့ ဆန္ဒပြမည့်အစီအစဉ်ကို ဆိုင်းငံ့ထား ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။

ကော့သောင်းအခြေစိုက် ရေလုပ်သားများ ကော့သောင်းခရိုင် ငါးဦးစီးရုံး ရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်တွင် စုဝေး ဆန္ဒပြရန် စီစဉ်ထားခြင်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရေလုပ်ငန်းနှင့်ဆက်စပ် သော ဝန်ကြီးဌာနများ တွေ့ဆုံကြားနာ ညှိနှိုင်းမည့်ပွဲမှ ထွက်ရှိလာမည့် အဖြေ ကို စောင့်ဆိုင်းသွားမည်ဟု ဦးမင်းလွင် က ပြောသည်။

ဦးမင်းလွင်နှင့် ကော့သောင်းရေ လုပ်သားကိုယ်စားလှယ်တို့က အထက်ပါ လွှတ်တော်ကော်မတီနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွေ့ဆုံကာ ကော့သောင်း ရေလုပ်သားတို့၏ အခက်အခဲကို နှုတ် ဖြင့်၊ စာဖြင့် တင်ပြခဲ့ကြကြောင်း ဦးမင်းလွင်က ပြောသည်။

ထိုတင်ပြချက်အရ ကော်မတီမှ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများ ကို လွှတ်တော်သို့ ဖိတ်ခေါ်ကြားနာကာ ညှိနှိုင်းပေးရန်နှင့် ထွက်ရှိလာသည့်အဖြေ ကို ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ်သို့ ပြန်လည်အကြောင်းကြားပေးရန် သဘောတူခဲ့ကြကြောင်း ဦးမင်းလွင်က ပြောသည်။

“ဒီဘက်က ဖြေရှင်းချက် ရှိတယ်။ ညှိနှိုင်းပေးဖို့ ရှိတယ်ဆိုရင်တော့ ဆန္ဒ ပြဖို့ကို ဆိုင်းငံ့ထားတယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က လွှတ်တော်ရေးရာကော်မတီက အကြောင်းကြားစာ ရောက်လာပြီး ၎င်း စာအရ ကော်မတီက အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးဖို့အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကိုတွေကို (လွှတ်တော်သို့) ပြန်ဖိတ်ခေါ်ထားကြောင်း ပါဝင်သည်ဟု ဦးမင်းလွင်က ပြောသည်။

“အဖြေက ရပြီလားဆိုတော့ တစ်ပတ် လောက်ထဲမှာ ရလိမ့်မယ်ထင်တယ်”ဟု ဦးမင်းလွင်က ပြောသည်။

လက်ရှိတွင် ကော့သောင်းရှိ ငါး ဖမ်းလှေအများစုက ရပ်ဆိုင်းထားသည်ဟု ၎င်းက ပြောသည်။

ကော့သောင်းရေပြင်ကို မြောက် လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကော့သောင်းပုလုံးတုံတုံးကမ်းခြေ အနီး အပြင်ဘက် မိုင် ၆၀ ခန့်၊ ၎င်းမှ မြောက်ဘက် ကော့ရဲကြီးကျွန်း၏ အပြင် ဘက် မိုင် ၆၀ ခန့်အတွင်း ကမ်းဝေး လှေများကို ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။

ပိတ်လိုက်သည့် ဧရိယာမှာ အတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီး စသည့် ကမ်းဝေးလှေတို့ ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များ ပါဝင်သည်။

ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်များ ဖြစ်သည်။

ယခုပိတ်ခြင်းမှာ ကမ်းနီးလှေနှင့် ကမ်းနီးငါးဖမ်းလုပ်ကွက် (ကမ်းမှ ပင်လယ်သို့ ဆယ်မိုင်) မပါပေ။

ယခုနှစ်တွင် ကမ်းနီးငါးဖမ်းလှေကို အလျားပေ ၄၀ အောက်၊ လှေမောင်းစက် ၏မြင်းကောင်ရေ ၅၀ အောက် သတ်မှတ် ထားပြီး ပင်လယ်သို့ နေ့ချင်းပြန်ခရီး ငါးဖမ်းရမည်ဖြစ်ကြောင်း ကော့သောင်း ခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ကော့သောင်းရှိ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေအများစုမှာ ယင်းလှေ/စက် အရွယ်အစားထက်ကြီးမားနေပြီး ဖွင့်ပေး ထားသည့် ဆယ်မိုင်အတွင်းတွင်လည်း ငါးဖမ်းလေ့မရှိကြောင်း ကော့သောင်းမှ ရေလုပ်သားတို့က ပြောကြသည်။

ကော့သောင်းတွင် ယင်းသို့ ကမ်းနီး မဟုတ်သည့် အရွယ်လွန် ငါးဖမ်းလှေ (ငါးလုပ်ငန်းဌာနစာရင်းအရ) ၈၀၀ ကျော် ရှိကြောင်း ဦးသန့်ဇင်က ပြောသည်။

လက်ရှိတွင် ထိုလှေများအပါအဝင် ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် ယခုပိတ်လိုက်သည့် ငါးဖမ်းလုပ်ကွက် များကို ပြန်မဖွင့်ပေးပါက ကော့သောင်း ရေလုပ်ငန်း ရှေ့ဆက်ရန် မလွယ်ကူတော့ ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြော သည်။

Dawei Watch