မြိတ်ခရိုင်တရားရုံး တရားမမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှု လေးဆယ်ရာခိုင်နှုန်းကျော်ရှိ

0
558

မြိတ်ခရိုင်တရားရုံးရှိ တရားမအမှု များတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှုက လေးဆယ်ရာခိုင်နှုန်းကျော် ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရ သည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ပြီးခဲ့ သည့်နှစ်ကုန်ပိုင်းက စစ်တမ်း ကောက်ယူ ခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ကြောင်း တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါတရားရုံးတွင် တရားမအမှု များ ရွှေ့ဆိုင်းရသည့်အနေအထားမှာ တရားမအမှုအားလုံး၏ ၂၆ ရာခိုင်နှုန်း ရှိသည်။

ယင်းရွှေ့ဆိုင်းရသည့် အမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် ရွှေ့ဆိုင်း ရသည့်အရေအတွက်မှာ ၄၂ ရာခိုင်နှုန်း အထိ ရှိနေသည်။

ယင်းကဲ့သို့ဖြစ်နေခြင်းမှာ တာဝန်ကျ တရားသူကြီးက သင်တန်းသွားခြင်း၊ အစည်းအဝေးသွားခြင်းနှင့် တရားသူ ကြီးတစ်ဦး ပြောင်းရွေ့သွားချိန်တို့တွင် အစားမလာသေးခြင်း အစရှိသည့် အကြောင်းအရင်းများကြောင့် ဖြစ်နိုင် ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ် ခရိုင်၊ ထားဝယ်မြို့နယ်နှင့် မြိတ်ခရိုင် တရားရုံးတို့တွင် မှုခင်းစီမံခန့်ခွဲမှုအစီ အစဉ်ကို ဆောင်ရွက်နေသည်။

ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ် တရားရုံးတို့တွင်မူ ရာဇဝတ်အမှုများတွင် တရားလိုပြသက်သေမလာခြင်းကြောင့် အမှုကြန့်ကြာနေမှုက အများဆုံးဖြစ်နေသည်။

“ကြန့်ကြာတဲ့အမှုတွေကို မြန်မြန် ဆန်ဆန်ဆောင်ရွက်ဖို့ ညွှန်ကြားချက် တွေက ဟိုးအစောကြီးကတည်းက ထုတ်ထားပြီး ဖြစ်ပါတယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

အဆိုပါစစ်တမ်းရလဒ်အပေါ် မူတည်ကာ ကြီးကြပ်ဆောင်ရွက်မှုများ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို မြိတ် မြို့နယ်တရားရုံးတွင် ဇူလိုင်လ ၁ ရက် ၌ စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

အဆိုပါ အစီအစဉ် အကောင်အထည် ဖော်ပါက အလျင်အမြန်ဆောင်ရွက်ရမည့် ရာဇဝတ်အမှုများကို ရက်ပေါင်း ၉၀ နှင့် တရားမမှုများကို ၂၇၀ ရက်အတွင်း ပြီးပြတ်ရမည်ဖြစ်ကြောင်း တိုင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။

သာမန်ရိုးရှင်းသည့် ရာဇဝတ် အမှုများကို ရက်ပေါင်း ၁၈၀ နှင့် တရားမ မှုကို ၃၆၅ ရက်အတွင်း အမှုပြီးပြတ်ရမည် ဖြစ်သည်။

ကိုဇော်