နိုင်ငံကျော် ငါးပိထုတ်သူများ ပင်လယ်နွံနစ်နေသည်

397
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သူတို့ထံသို့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ လွှမ်းမိုးသက်ရောက် ခြင်းမရှိပါ။ တစ်နေ့ ရှစ်နာရီ အလုပ်ချိန် သတ်မှတ်ချက်လည်း လွှမ်းမိုးသက်ရောက် ခြင်း မရှိပါ။ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး ဧရိယာ ပြင်ပတွင် ရှိနေသည်။

မြန်မာဥပဒေအရ တစ်နေ့ ၈ နာရီ တွင် အနိမ့်ဆုံး လုပ်အားခ ၄၈၀၀ ကျပ် သတ်မှတ်ထားသည်။

သို့သော် တစ်နေ့လျှင် နာရီ ၂၀ ကျော် အလုပ်လုပ်ရပြီး လုပ်အားခ ကျပ်သုံးထောင်ကျော်ခန့်သာ ရရှိနေကြသည့် ထောင်ချီ ရေလုပ်သားများ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရှိနေ ကြသည်။

သူတို့လုပ်နေကြသည့်အလုပ်က ခေတ်သစ်ငွေဝယ်ကျွန်ဟု ဒေသခံများ ပြောဆို ကင်ပွန်းတပ်ကြသည့် ကျားပါးစပ် လုပ်ငန်း။

ကျားပါးစပ်လုပ်ငန်းဆိုသည်က ပင်လယ်အတွင်း၌ရှိသည့် ဂွေးကောင်များအား ပိုက်ဖြင့်ထောင်ဖမ်းကာ ငါးပိလုပ်ကြ သည့်လုပ်ငန်း ဖြစ်သည်။

ယင်းလုပ်ငန်းက ပင်လယ်ဒီရေ အတက်အကျ ပေါ်မူတည်ပြီး လုပ်ရသည့် အတွက် လုပ်သားများအနေဖြင့် နားချိန် ဟူ၍ သီးသန့်မရှိ။ ၂၄ နာရီအတွင်း ရေတက်ရေကျ ၄ ကြိမ် ပိုက်ဆွဲရသည်။ ယင်းအချိန်အတွင်း မိုးရွာချင်ရွာမည်။ နေပူချင်ပူမည်။ လေထန်ချင်လည်း ထန် လိမ့်မည်။ သို့သော် သူတို့အလုပ်က ရပ်ထားလို့မရ။

“ရေချိန်ကိုက်လုပ်ရတယ်ဆိုတော့ အလုပ်များတဲ့ရက်ဆို နေ့ရောညပါ တစ် ရက်လုံး ပေါင်းရင် အိပ်ချိန်က တစ်နာရီလောက်ပဲ ရတယ်”ဟု ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ အုတ်ဖိုမော် ကျေးရွာ ရှိ ကျားပါးစပ်လုပ်သား အသက် ၅၀ ကျော်အရွယ် ဦးကျော်(အမည်လွှဲ)က ပြောသည်။

ကျားပါးစပ်လုပ်သားများအနေဖြင့် ယခင်နှစ်က တစ်လလျှင် လုပ်ခလစာကျပ် ခြောက်သောင်းမှ ကျပ်ရှစ်သောင်းခန့်အထိ သာ ရရှိခဲ့ကြသည်။ သို့သော် ၂၀၁၉ ခုနှစ်မှ စ၍ တစ်လလျှင် ကျပ်တစ်သိန်းမှ အမြင့်ဆုံး ကျပ်တစ်သိန်းခွဲအထိ ရရှိသူများလည်း ယခုနှစ်တွင် ရှိလာကြသည်။

လစာ အတန်ငယ်ပိုလာသည်ဆို သော်လည်း တစ်ရေ (ဒီရေတက်ချိန် တစ်ကြိမ်)ပျက်လျှင် အလုပ်ရှင်မှ သုံးသောင်း ဖြတ်သည်ဟု အသက် ၄၅ နှစ်ရှိ ကျား ပါးစပ်လုပ်သား ကိုသောင်း(အမည်လွှဲ)က ပြောသည်။

“ရေ အတက်အကျ လေးရေလုံး ပျက်ရင်တော့ ကိုယ်ရတဲ့ လစာတစ်ရက်တည်း နဲ့ ကုန်ပြီသာမှတ်တော့”ဟု ၎င်းက ဆေးပေါ့လိပ်အတိုကို ခပ်ကြမ်းကြမ်း တစ်ချက် ရှိုက်ရင်း ဆိုသည်။

ကျားပါးစပ်လုပ်ငန်းကို ကျွန်းစု မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် လုပ်ကိုင်လျက်ရှိကြပြီး ၂၀၁၈-၁၉ ဘဏ္ဍာ နှစ် စာရင်းအရ လုပ်ငန်းရှင် ၂၇၉ ဦးကို လိုင်စင်ချပေးထားပြီး မြေပြင်တွင် လုပ်ကိုင် နေကြသူ ယင်းထက်ပိုကြောင်း ကျွန်းစု မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောသည်။

ယင်းလုပ်ငန်းလုပ်ကိုင်ကြသည့် တိုက်တစ်ခုလျှင် လှေ ၃ စီးမှ အများဆုံး ၁၅ စီးခန့်အထိရှိကြပြီး လှေတစ်စီးလျှင် ရေလုပ်သား နှစ်ဦးနှင့် ကုန်းပေါ်လုပ်သား တစ်ဦးအနည်းဆုံး ရှိကြသည်။

ယခင်က လုပ်သား နှစ်ဦးပါလှေ တစ်စီးလျှင် ကျားပါးစပ်ပိုက် ၆ ဖုံသာ ပင်လယ်အတွင်း လုပ်ကိုင်ရသည်။ သို့သော် လုပ်ခလစာ တိုးပြီးသည့်နောက် အနည်း ဆုံး ၉ ဖုံနှင့် အများဆုံး ၁၂ ဖုံအထိ အလုပ်ရှင်က တိုးမြှင့်ကာ အလုပ်လုပ်ခိုင်း လာခဲ့ကြသည်ကို တွေ့ရှိရသည်ဟု အုတ် ဖိုမော်ကျေးရွာနေ တံငါသည် တစ်ဦး ဖြစ်သူ အသက် ၄၆ နှစ်ရှိ ဦးအောင်နိုင် (အမည်လွှဲ)က ပြောပြသည်။

“လစာတိုးလာသလို အလုပ်လည်း ပိုပြီးတိုးလိုက်တဲ့ သဘောပေါ့”ဟု ၎င်းက ယင်းကိစ္စအပေါ် ဘဝင်မကျဖြစ်နေသည့် လေသံဖြင့် ပြောသည်။

သူတို့၌ အလုပ်ပိတ်ရက်က မရှိသလို အလုပ်ပါးသည့်အချိန်ဟု မရှိ ရေလုပ်ငန်း ပြီးလျှင် ဒီရေတောအတွင်းဝင်ကာ ထင်း ခုတ်ရသည်။ ထင်းခုတ်ပြီးလျှင် အလုပ်ရှင် ပိုင်သည့် ကွမ်းခြံ၊ ရော်ဘာခြံများတွင် တောခုတ်တောရှင်းစသည့်အလုပ်များကိုပါ လုပ်ရသည်။

အလုပ်ရှင်မှ သတ်မှတ်ပေးလိုက် သည့် အတိုင်းအတာထိ မပြီးလျှင် ဆဲဆို ကြိမ်းမောင်းခြင်း ခံရသလို တစ်ခါတစ်ရံ နားရင်း အအုပ်ခံရသည်။

သို့သော် အလုပ်ရှင်တိုင်းက ကိုယ်ထိလက်ရောက်မရိုက်။ ဆဲဆိုကြိမ်းမောင်း ခြင်းက သူတို့အတွက် မဆန်းတော့။ အလုပ်ရှင်နှင့် အလုပ်သမားအကြား နေသားကျနေသည့် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေသည်ဟု ဒေသခံ ရေလုပ်သားတချို့ က ပြောပြသည်။

ကျားပါးစပ်အလုပ်ရှင်နှင့် အလုပ် သမား တစ်နှစ်စာ စာချုပ်ချုပ်ထားသည့် အတွက် အလုပ်အမျိုးအစား ခွဲခြင်းမရှိဘဲ ၎င်းတို့က တန်အောင် ခိုင်းနေကြသည်ဟု ကျားပါးစပ် လုပ်သားများက ပြောသည်။

“ကြာတော့လူက မခံနိုင်တော့ဘူး။ အားအင်တွေကလည်း တဖြည်းဖြည်း နည်းလာတယ်လို့ ခံစားလာရတယ်”ဟု ယင်းလုပ်ငန်းကို ၆ နှစ်နီးပါးအထိ လုပ်ကိုင်လာပြီးဖြစ်သည့် ကိုသောင်းက တိုး လျလျ ညည်းဆိုသည်။

ရေတက်ရေကျ ရေချိန်ဖြင့်လုပ်ရ သည့်အတွက် သီးသန့်နားချိန်ဟု မရှိ သော်လည်း တစ်နေ့လျှင် နှစ်နာရီမှ သုံးနာရီခန့် အထိ နားချိန်ပေးထားကြောင်း ကျားပါးစပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အုတ်ဖိုမော် ကျေးရွာတာဝန်ခံ ဦးစိုးလွင် က ပြောသည်။

“လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရတာတို့ ဖျားနာတာတို့ရှိရင် ကျန်းမာရေး ဝန်ထမ်းနဲ့ သေသေချာချာ စစ်ဆေးပြီး ကျွန်တော်တို့က ပေးနားတယ်”ဟု ၎င်းက ပြောသည်။

နေမကောင်းဖျားနာလျှင် အချို့ အလုပ်ရှင်များက အလုပ်သမားထံမှ လုပ်ခ လစာဖြတ်တောက်မှုများ ရှိနေသည်။ သို့သော်လည်း မိမိထံတွင်လုပ်သည့် အလုပ်သမားများကိုမူ ဖြတ်တောက်ခြင်း မရှိသလို မိမိစရိတ်ဖြင့် ဆေးကုသမှုပေး ကြောင်း ဦးစိုးလွင် ဆိုသည်။

“ကျွန်တော်ကတော့ မယူဘူး။ ယူတဲ့ လူကတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ကျန်းမာရေး၊ လူမှုရေး၊ အလုပ်ချိန်၊ လုပ်ခ၊ လုပ်ငန်းခွင် အရေးအရာများနှင့် ပတ်သက်၍ ကျားဖောင်လုပ်သားများ အစိုးရထံ တိုင်ကြားမှု မည်သို့ရှိကြသနည်း။

ကျားပါးစပ်လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား အငြင်းပွား တိုင်ကြားမှု မရှိသလောက်နည်းပါး ကြောင်း မြိတ်ခရိုင်အလုပ်သမားညွှန်ကြား မှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ခင်ထွန်း က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အမျိုး သားလွှတ်တော်ကော်မတီနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

အလုပ်ရှင်အလုပ်သမား ကိစ္စနှင့် ပတ်သက်ပြီး လာရောက်တိုင်ကြားမှုများ ရှိမှ မိမိတို့ဌာနအနေဖြင့် အရေးယူဆောင် ရွက်ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

“မြေပြင်အနေအထားမှာ ဒီလိုရှိနေ တယ်ဆိုပြီး အများပြောနဲ့ ကျွန်မတို့က အလုပ်ရှင်ကို တရားစွဲလို့ မရပါဘူး”ဟု ဒေါ်ခင်ခင်ထွန်းက ပြောသည်။

တိုင်ကြားလာပြီး ဥပဒေချိုးဖောက်မှု ရှိနေလျှင် အလုပ်ရှင်အား တရားစွဲဆိုပြီး တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငါးသိန်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ၎င်းက ပြောပြသည်။

ကျားပါးစပ်လုပ်သားများသည် နိုင်ငံတော်မှ သတ်မှတ်ထားသည့် အနိမ့်ဆုံး တစ်နေ့လုပ်ခလစာ ရရှိခြင်းမရှိဘဲ မိသားစု စားဝတ်နေရေး မလောက်ငသည့်အတွက် ငွေများယူရင်း အကြွေးနွံအတွင်းမှ ရုန်းမ ထွက်နိုင်ဘဲ ဖြစ်နေကြောင်း ကျွန်းစုမြို့ နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ဆိုသည်။

အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်ရေးဆိုင်ရာကော်မတီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြိတ် ဒေသတွင်းရှိ ကျားပါးစပ်လုပ်ငန်းများ အား ၄ ရက်တာ သွားရောက်လေ့လာခဲ့သည်။

“တစ်ယောက်ကို ၁၀ သိန်းကနေ သိန်း ၉၀ အထိ အကြွေးတင်နေတယ်။ အကြွေးမတင်တဲ့ အလုပ်သမား မရှိပါဘူး”ဟု ဦးဇော်ဟိန်းက ပြောသည်။

ကျားပါးစပ်လုပ်ငန်းအတွင်း ဝင် လိုက်သည့် လုပ်သားများသည် ပြန်ထွက် ရန် မလွယ်ကူတော့ဘဲ ယင်းသည် ငွေဝယ် ကျွန်လိုဖြစ်နေကြောင်း ဘုတ်ပြင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းကလည်း ထောက်ခံပြော ဆိုခဲ့သည်။

အကြွေးပြန်မဆပ်နိုင်ကြသည့် အဆုံး စစ်သားစုဆောင်းရေးနှင့်အတူ လိုက်ပါသွားကြသည့်သူများ လည်း ရှိကြောင်း ဦးခင်မျိုးဝင်းက ဆိုသည်။

“စုဆောင်းရေးထဲ ဝင်လိုက်သွားတော့မှ သူတို့အကြွေးက လွတ်မြောက်တော့တယ်”ဟု ၎င်းက ပြောသည်။

အသက် ၂၀ သာရှိသေးသည့် ကျား ပါးစပ်လုပ်သားတစ်ဦးတွင် ပိုင်ရှင်ဆီမှ အကြွေး သိန်းလေးငါးခြောက်ဆယ် တင် နေသည့်အတွက် ၎င်းတို့၏ဘ၀ အကြွေး သံသရာမှ လွတ်မြောက်ရေး မလွယ်ကူဟု အမျိုးသားလွှတ်တော် ကောမတီအဖွဲ့ဝင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် က မှတ်ချက်ပေးသည်။

မြိတ်ခရိုင်အတွင်းရှိ ကျားပါးစပ် လုပ်သားများသည် ဧရာ၀တီတိုင်း ဖျာပုံ ခရိုင်တွင်ရှိသည့် ကျားဖောင် လုပ်သား များလောက် နှိပ်စက်ရိုက်နှက်ခြင်းမခံရသော်လည်း လုပ်ခလစာ၊ လူ့အခွင့်အရေး၊ အကြွေးသံသရာ၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် မူးယစ်ဆေး စသည့်ပြဿနာ များ ရှိနေသည်ကို သိရှိခဲ့ရကြောင်း ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ဆိုသည်။

“ရွာတွေကို လိုက်လေ့လာတဲ့အခါ သူတို့မှာ ပြောမထွက်ရဲတဲ့ အကြောက် တရားတွေကလည်း ရှိနေတာကို တွေ့ရတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

ဆလိုင်းမျိုးထိုက်သည် အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေး ဆိုင်ရာကော်မတီ၏ အတွင်းရေးမှူး ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေသ ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အဖြေရှာသင့် နေပြီဖြစ်ကြောင်း သွားရောက်လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောဆို ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များမှ ကျားပါးစပ်လုပ်သားများ၏ အသံဖိုင်များ၊ မှတ်တမ်းများကို ယူဆောင်လာကြပြီး မကြာခင် လွှတ်တော်၌ ဆွေးနွေးမည့် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေ နှင့်ပတ်သက်ပြီး ယင်းကိစ္စရပ်များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင်က ပြောသည်။

“ရေလုပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုကို ဘယ်လိုကာကွယ် မလဲ၊ အကောင်းဆုံး ဘယ်လိုကုစားမှု ပေးမလဲ။ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲ တွေရော ဘယ်လိုဖြေလျှော့ပေးမလဲ ဒါကို အဖြေရှာရတော့မယ်”ဟု ၎င်းက ပြောသည်။

မြိတ်ဒေသမှထွက်သည့် ငါးပိက နိုင်ငံကျော်သည်။ သို့သော် နိုင်ငံကျော် ငါးပိထုတ်ပေးနေသည့် ကျားပါးစပ် လုပ်သားများ၏ ဘ၀များကား လူမသိသူ မသိ။ သူတို့ကား တရားဥပဒေ စိုးမိုးရေး ဧရိယာအတွင်းလည်း မရှိ။

ကိုဆန်း